ကျောက်ဆည်မြို့နယ်၌ ဂွေးသီးသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သည် မြေဆီမြေလွှာကောင်းမွန်သော ဒေသ ဖြစ်ကာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး ရာသီမရွေး စိုက်ပျိုးနိုင်ပြီး နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် ဂွေးပင်များကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
ဂွေးပင်သည် မြေအမျိုးအစား အမျိုးမျိုးတွင် ရှင်သန်ဖြစ်ထွန်းနိုင်ပြီး မိုးဦးကျကာလများတွင် စတင်စိုက်ပျိူးပါက အပင်များ ပိုမိုဖြစ်ထွန်းအောင်မြင်ကြောင်း၊ တစ်ဧကလျှင် အပင်ရေ ၅၀-၆၀ ခန့် စိုက်ပျိုးနိုင်ပြီး မျိုးအနေဖြင့် ခြောက်လဂွေးမျိုး၊ ပင်ကြီးဂွေးမျိုးနှင့် တစ်နှစ်ပတ်လုံးသီးသော ဂွေးမျိုး ဟူ၍ရှိရာ နှစ်ရှည်စားသုံးစိုက်ပျိုးသော ပင်ကြီးဂွေးမျိုးကိုသာ စိုက်ပျိုးကြကြောင်း၊ ဂွေးပင်များကို စိုက်ပျိုးပြီး သုံးနှစ်ခန့်အကြာတွင် ဂွေးသီးများ စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မျိုးပင်၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၈၅၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ဂွေးသီးသီးနှံသည် တစ်နှစ်လျှင် နှစ်ကြိမ် အသီးသီးပြီး တစ်ကြိမ်ခူးဆွတ်လျှင် တစ်ဧကလျှင် ၃၇-၄၀ တင်းခန့် ထွက်ရှိရာ တစ်နှစ်လျှင် စုစုပေါင်း ၇၅-၈၀ တင်းခန့် ထွက်ရှိကြောင်း၊ တစ်တင်းလျှင် လက်ကားဈေး ငွေကျပ် ၁၅,၀၀၀ ခန့်ဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအရောက် လာရောက်ဝယ်ယူ၍ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ လာမည့်နှစ်များတွင် သွင်းအားစု ကုန်ကျစရိတ်များ နည်းပါးလာသည့်အတွက် အမြတ်ပိုမိုရရှိနိုင်ကြောင်း ဂွေးပင်စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA (မန္တလေး)