ကျောက်ဆည်မြို့၌ ဘူးသီးများ ဈေးကောင်းရ၍ တောင်သူများအဆင်ပြေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပင်တလည် ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဘူးသီးကို မိသားစုတစ်နိုင်တစ်ပိုင်အနေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဘူးသီးကို ရာသီမရွေး စိုက်ပျိုးနိုင်ကာ စိုက်ပျိုးပြီး ၃ လခန့်အကြာတွင် ဘူးသီးများ စတင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ဘူးသပိတ်၊ ဘူးလည်လှ၊ ဘူးရှည်မျိုးတို့ကို အများဆုံးစိုက်ပျိုး ကြကြောင်း၊ ဘူးပင် စိုက်ပျိုးရာတွင် မြေဆွေး၊ မြေသြဇာများကို သမအောင် ရောစပ်ပြီး စိုက်ဘောင်များပြုလုပ်၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ အလုပ်သမားခ အပါအဝင် စုစုပေါင်း ငွေကျပ် ၈၀၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ဘူးသီးအလုံးရေ ၅,၀၀၀ ခန့် ထွက်ရှိပြီး အလုံးအရွယ်အစားပေါ်မူတည်၍ လက်ကားဈေးတစ်လုံးလျှင် ငွေကျပ် ၅၀၀ နှင့် လက်လီဈေး တစ်လုံးလျှင် ငွေကျပ် ၁,၀၀၀-၁,၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၁၇ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် သီးနှံပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ဝယ်ယူကြပြီး ဒေသတွင်း ရောင်းချမှုအပြင် ရန်ကုန်၊ မော်လမြိုင်နှင့် ညောင်တုန်းမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဘူးသီးသီးနှံစိုက်ပျိုးခြင်းသည် ဘူးသီးအပြင် ဘူးညွန့်များကိုပါ ရောင်းချရသည့်အတွက် မိသားစု အပိုဝင်ငွေရရှိပြီး ဘူးသီးဈေးနှုန်းကောင်းမွန်သောကြောင့် အကျိုးအမြတ်ရရှိကာ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဘူးသီးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)