မြစ်သားမြို့နယ်တွင် ထောပတ်ပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရစ်ကန်၊ ရိုးကန်၊ ညောင်ဝန်စသည့် ကျေးရွာများတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို အများဆုံး စိုက်ပျိုးပြီး စိုက်ဧက ၁၆၀ ခန့် စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ထောပတ်ပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ၂ လခွဲခန့်အကြာတွင် ခူးဆွတ်ရိတ်သိမ်းနိုင်ကြောင်း၊ ထောပတ်ပဲပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧက လျှင် ထောပတ်ပဲမျိုး ၄-၅ ပြည်ခန့် ကုန်ကျကြောင်း၊ ထောပတ်ပဲသီးနှံ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် စုစုပေါင်း ငွေကျပ် ၂၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ထောပတ်ပဲ ၁၀-၁၂ တင်းခန့်ထွက်ရှိပြီး တစ်တင်းလျှင် ငွေကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ဧကလျှင် ငွေကျပ် ၆၅၀,၀၀၀ ခန့် အမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည် မြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ၊ တတိယပတ်တွင် ထောပတ်ပဲတစ်တင်းလျှင် ငွေကျပ် ၉၀,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ထောပတ်ပဲသီးနှံစိုက်ခင်းများမှာ အသီးအပွင့် များ ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီအချိန်တွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ ထောပတ်ပဲသီးနှံသည် စိုက်ပျိုးစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိသောကြောင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း ထောပတ်ပဲစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)