စဥ့်ကိုင်မြို့နယ်တွင် မုန်လာဥဖြူများ စတင်ထွက်ပေါ်၍ ဈေးကောင်းရ

           ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာလုပ်ငန်းကို အဓိက ထားလုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော မုန်လာဥဖြူကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။

          မုန်လာဥဖြူကို အောက်တိုဘာလတွင် စတင်စိုက်ပျိုး၍ ရက်ပေါင်း ၃၀-၄၀ အကြာတွင် တူးဖော်ရကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် မျှားနီတံဆိပ်နှင့် ဆင်စွယ်မုန်လာတံဆိပ်ပါ မုန်လာ ဥဖြူမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၅ သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧက လျှင် မုန်လာဥဖြူ ၆၀၀၀-၇၀၀၀ ဥခန့်ထွက်ရှိကြောင်း၊ လက်ကားဈေး မုန်လာဥဖြူတစ်ဥလျှင် ငွေကျပ် ၂၀၀ နှင့် ၅ ဥပါ တစ်စည်းလျှင် ငွေကျပ် ၁,၀၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ၉ သိန်းခန့်အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအရောက် အခင်းပြတ် လာရောက်ဝယ်ယူ၍ စဥ့်ကိုင်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး အချို့တောင်သူများမှာလည်း မန္တလေး - ကျောက်ဆည် ကားလမ်းဘေးတွင် ရောင်းချမှုများလည်းရှိကြောင်း၊ ယခုနှစ်မုန်လာဥဖြူ စတင်ထွက်ပေါ်ချိန်တွင် ဈေးကောင်းရရှိ၍ တောင်သူများ အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရသည်။

DOCA (မန္တလေး)