အထက်မင်းလှမြို့နယ်တွင် ပဲစင်းငုံများ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
မကွေးတိုင်းဒေသကြီး၊အထက်မင်းလှမြို့နယ်အတွင်းရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော၊ ကုန်းကြီး၊ ညောင်ပင်သာနှင့် မယ်ဇလီတောကျေးရွာတို့တွင် ကြက်သွန်နီ၊ ကုလားပဲ၊ မြေပဲ၊ ဝါ၊ စပါး၊ နှမ်း၊ ပဲစင်းငုံနှင့် အခြားစားဖိုဆောင်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ပဲစင်းငုံသီးနှံကို မယ်ဇလီတောကျေးရွာတွင် တောင်သူ ၇၀ ဦးမှ စုစုပေါင်းစိုက်ဧက ၁၅၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
ပဲစင်းငုံကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး သီးနှံသက်တမ်း ၆ လအကြာတွင် ရိတ်သိမ်းရ ကြောင်း၊ စိုက်ပျိုးမှုတွင် မိုးနှမ်းနှင့်အတူရော၍သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြကြောင်း၊ သီးညှပ်အဖြစ်စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုး ၁-၂ ပြည်ခန့် ကုန်ကျပြီး သီးထပ်စိုက်ပျိုးပါက တစ်ဧကလျှင် မျိုး ၄ ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်တွင် ထွက်ရှိခဲ့သည့် ပဲစင်းငုံများကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး ကုန်ကျစရိတ်အနေဖြင့် ယခုနှစ်တွင် မျိုး၊ အလုပ်သမားခနှင့်အခြားသွင်းအားစုစရိတ်အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၂၅၀,၀၀၀-၃၀၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊အထွက်နှုန်းအနေဖြင့် ပဲစင်းငုံတစ်ဧကလျှင်၁၁-၁၅ တင်းခန့်ထွက်ရှိပြီး တစ်တင်းလျှင် ငွေကျပ် ၁၂၀,၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ငွေကျပ် ၁,၀၂၀,၀၀၀-၁,၅၀၀,၀၀၀ ခန့်အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့နှင့် မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးမြို့၊ ပြည်မြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်း ချကြောင်း သိရသည်။
နိုဝင်ဘာလ၊ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ငွေကျပ် ၁၅၀,၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပဲစင်းငုံသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း ပဲစင်းငုံစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA(မကွေး)