ကျောက်ဆည်ခရိုင်၌ နနွင်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း၍ နနွင်းဖူးများစျေးကောင်းရ

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော နနွင်းကိုလည်း စိုက်ပျိုးကြကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကျောက်ဆည်မြို့နယ် တွင် ၈၄၃ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၂၆ ဧက၊ မြစ်သားမြို့နယ်တွင် ၁၀၄၆ ဧက၊ စုစုပေါင်း ၁၉၁၅ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   နနွင်းကို ဇွန်လနှင့်ဇူလိုင်လများတွင် စတင်စိုက်ပျိုးပြီး ဖေ‌ဖော်ဝါရီလတွင် ထွက်ပေါ်ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးပြီး စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂၁ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧက လျှင် နနွင်း ပိဿာချိန် ၈၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စအချိန်တွင် နနွင်းတက် တစ်ပိဿာလျှင် ငွေကျပ် ၆,၇၀၀ ဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် နနွင်းများကို ဒေသတွင်းရောင်းချမှုအပြင် ကျောက်ဆည်မြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း၊ တစ်ဧကလျှင် ငွေကျပ် ၃၂ သိန်းခန့် အမြတ်ရရှိကြောင်း၊ ယခုချိန်တွင် နနွင်းဖူးများ စတင်ထွက်ပေါ်နေပြီဖြစ်ရာ နနွင်းအဖူး ၁၀၀ ဖူးလျှင်  လက်ကားဈေး ငွေကျပ် ၈,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ နနွင်းစိုက်ပျိုးခြင်းသည် နနွင်းတက်များ သာမက နနွင်းဖူးများပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိပြီး နနွင်း စိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

DOCA (မန္တလေး)