မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာ၌ ရွှေဖရုံသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာတွင် နှမ်းနှင့် ပဲမျိုးစုံသီးနှံများ ကို အဓိကစိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ရွှေဖရုံသီး ၆ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ရွှေဖရုံသီးကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် အလုံးပြား ရွှေဖရုံသီးမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါအထုပ် ၁၆ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာ ကျင်းများတူး၍ အစေ့ချ စိုက်ပျိုးရကြောင်း၊  စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၆ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧက လျှင် အလုံးရေ ၁၀၀၀-၁၅၀၀ ခန့် ထွက်ရှိပြီး အောက်တိုဘာလ၊ တတိယပတ်တွင် ရွှေဖရုံသီး တစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၃,၀၀၀-၄,၀၀၀ ဖြင့် ရောင်းချရသဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၄ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် လက်လီလက်ကား ကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး မကွေးမြို့ပေါ်တွင် ပြန်လည်ရောင်းချကြကြောင်း၊ ရွှေဖရုံသီး ပင်များ စိုက်ပျိုးခြင်းဖြင့် အသီးများသာမက အညွန့် (အရွက်) များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး ယခုနှစ်တွင် စျေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)