ကျောက်ဆည်ခရိုင်တွင် ရုံးပတီသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

   မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို      အဓိကထားလုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများ စိုက်ပျိုးသည့်အပြင်စားဖိုဆောင် သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီးကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြ ကြောင်း သိရသည်။

   ရုံးပတီသီးမျိုးအနေဖြင့်ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးစသည်ဖြင့်ရှိပြီး ပင်မြင့်မျိုး(Finger One) ရုံးပတီမျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင်မျိုးစေ့ ၁၂ ထုပ် စိုက်ပျိုးရပြီး စိုက်ပျိုးမှုအတွက် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၇၀၀,၀၀၀ ခန့် ကုန်ကျ ကြောင်း၊ ရုံးပတီသီးနှံကို စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ခူးဆွတ်ရ၍ တစ်ရက်ခြားတစ်ကြိမ် နှုန်းဖြင့် သက်တမ်း ၂ လထိခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရုံးပတီသီး ပိဿာချိန် ၁၅၀၀ ခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂,၂၀၀-,၃၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ငွေကျပ် ၂,၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧက လျှင် ငွေကျပ် ၂၆ သိန်းခန့်အမြတ်ရရှိကြောင်း၊ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှာစိုက်ခင်း အထိ လာရောက်ဝယ်ယူကြကြောင်း၊ ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဈေးကောင်းရရှိ သည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရ သည်။ 

DOCA (မန္တလေး)