ပေါက်မြို့နယ်၌ ပဲစင်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

   မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းဈေးကွက်ဝင်၍ ပြည်ပ ပို့ကုန် ပဲတစ်မျိုးဖြစ်သည့် ပဲစင်းငုံသီးနှံကို ယခင်နှစ်၌ စိုက်ဧက ၇၀၀၀ ခန့် စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် ပဲစင်းငုံသီးနှံပေါ်ချိန်မှ သီးနှံကုန်ချိန်အထိ ဒေသတွင်းအရောင်းအဝယ်ဖြစ်မှုအပြင် ပြည်ပဝယ်လိုအား ကောင်း၍ အကျိုးအမြတ်များစွာ ရရှိသည့်အတွက် စိုက်ဧက ၈၀၀၀ ခန့်အထိ တိုးချဲ့စိုက်ပျိုးလာကြ သည်။ 

   ပေါက်မြို့နယ်အတွင်းရှိ ရှားတောအုပ်စု ကျေးရွာများတွင် ပဲစင်းငုံသီးနှံ ၁၀၀၀ ဧကခန့် စိုက်ပျိုး ထားရှိကြောင်း၊ မျိုးအနေဖြင့် ပဲစင်းငုံအဝါမျိုးနှင့် အနီမျိုးများကို စိုက်ပျိုးကြပြီး ပင်ကြား ၂ ပေ၊ တန်းကြား ၄ ပေအကွာ ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ပဲစင်းငုံသီးနှံကို မိုးဦး ရာသီ ဇွန်လတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် သီးနှံထွက်ပေါ်ကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၃ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၉-၁၀ တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေ အနေအထား၊ သီးနှံဖြစ်ထွန်းအောင်မြင်မှုနှင့် သွင်းအားစုသုံးစွဲမှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိ ကြောင်း၊ သီးနှံပေါ်ချိန်တွင် ဒေသတွင်းဈေးကွက်၌ ပဲစင်းငုံတစ်တင်းလျှင် ငွေကျပ် ၁၂၀,၀၀၀-၁၅၀,၀၀၀ ဖြင့် ဈေးနှုန်းမြင့်တက်၍ ရောင်းချရသဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၂ သိန်းခန့် အမြတ်ရရှိ ကြောင်း သိရသည်။

   အောက်တိုဘာလ၊ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ငွေကျပ် ၁၄၃,၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသည့် သီးနှံများကို ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့လျက်ရှိကြောင်း၊ ယခုအချိန်တွင် ပဲစင်းငုံသီးနှံစိုက်ခင်းများမှာ အပွင့်အသီးများဖြင့် ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ သီးနှံ ပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်ပိုမိုရရှိရန် မျှော်လင့် လျက်ရှိကြောင်း၊ ပဲစင်းငုံသီးနှံသည် ပြည်ပပို့ကုန်သီးနှံ တစ်မျိုးဖြစ်ပြီး ဈေးနှုန်းကောင်းမွန်ခြင်း၊ စိုက်ပျိုးရန်လွယ်ကူခြင်းနှင့် စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိခြင်းတို့ကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)