အထက်မင်းလှမြို့နယ်တွင် ပဲကြီးသီးနှံများ စတင်စိုက်ပျိုးလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတော ကျေးရွာတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးသီးနှံကို စိုက်ဧက ၅၀ ခန့် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   ပဲကြီးသီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၃ လကျော် အကြာတွင် ခူးဆွတ်ရ ကြောင်း၊ စိုက်ပျိုးရာတွင် သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပြီး သီးသန့် စိုက်ပျိုးခြင်းကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် ပဲကြီးအဖြူမျိုးကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် ၄ ပြည်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၄ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်ကတစ်ဧကလျှင် ၁၀-၁၃ တင်းခန့် ထွက်ရှိပြီး မြေအနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲကြီးသီးနှံ ပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ၇-၁၀ သိန်းခန့် အမြတ်ရရှိကြောင်း သိရသည်။

   အောက်တိုဘာလ၊ ပထမပတ်တွင် ပဲကြီးအဖြူ တစ်တင်းလျှင် ငွေကျပ် ၈၅,၀၀၀-၉၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ပေါ်ရှိ ပွဲရုံများနှင့်မြို့နယ် အတွင်းရှိ ပဲကြမ်းကြော် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများသို့ တင်ပို့ရောင်းချကြောင်း၊ မယ်ဇလီ တောကျေးရွာတွင် ပဲကြီးသီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ် သီးနှံပေါ်ချိန်တွင် အထွက် နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

DOCA (မကွေး)