မကွေးတိုင်းဒေသကြီး၌ ပဲစင်းငုံသီးနှံစိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်
မကွေးတိုင်းဒေသကြီးသည် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံများ အဓိက စိုက်ပျိုးထွက်ရှိသည့် ဒေသ တစ်ခုဖြစ်ပြီး ကုန်ကျစရိတ်သက်သာ၍ စိုက်ပျိုးရလွယ်ကူသည့် ပဲစင်းငုံသီးနှံကို မကွေးခရိုင်၊ မင်းဘူး ခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်များ၌ ၂၀၂၄ ခုနှစ်တွင် ၁၈၂,၀၀၀ ဧကခန့် စိုက်ပျိုးထား ရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပဲစင်းငုံသီးနှံကို ဇွန်လနှင့် ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးပြီး ၅-၆ လခန့်အကြာ ဇန်နဝါရီလ တွင်ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် ပဲစင်းငုံ(အနီ)နှင့် (အဝါ)မျိုးများကို စိုက်ပျိုးကြပြီး ပဲစင်းငုံ (အနီ) မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ နှစ်မျိုးရှိပြီး သီးညှပ်စိုက်ပျိုးခြင်းကို ပိုမိုစိုက်ပျိုးကြကြောင်း၊ ပဲစင်းငုံသီးနှံကို ထွန်ကြောင်းဆွဲ၍ အတန်းလိုက် အစေ့ ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁ ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၄ သိန်း ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၂-၁၅ တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဖေဖော်ဝါရီလ ပဲစင်းငုံသီးနှံ ပေါ်စအချိန်တွင် ပဲစင်းငုံ (အနီ) တစ်တင်းလျှင် ငွေကျပ် ၁၁၈,၀၀၀-၁၂၀,၀၀၀ ဖြင့် ရောင်းချခဲ့ရပြီး အကျိုးအမြတ် အနေဖြင့် ငွေကျပ် ၁၀ သိန်းကျော် ရရှိကြောင်း သိရ သည်။
စက်တင်ဘာလ၊ တတိယပတ်တွင် ပဲစဉ်းငုံ (အနီ) တစ်တင်းလျှင် ငွေကျပ် ၁၄၉,၀၀၀-၁၅၁,၀၀၀ ဖြင့် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲစင်းငုံသီးနှံများကို မကွေးမြို့ပေါ်ရှိ ပွဲရုံများမှ ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပ ဝယ်လိုအားကောင်းပြီး ဈေးနှုန်းကောင်းမွန်ခြင်းကြောင့် အကျိုးအမြတ်များ ရရှိသည့် ပဲစင်းငုံသီးနှံ များကို နှစ်စဉ် စိုက်ပျိုးလျက်ရှိရာ ယခုနှစ် စိုက်ပျိုးထားရှိသည့် ပဲစင်းငုံသီးနှံများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရှိရသည်။
DOCA (မကွေး)