စလင်းမြို့နယ်၌ ပဲတောင့်ရှည်သီးနှံများ စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စပါး၊ နှမ်းနှင့် ပဲမျိုးစုံ သီးနှံများ  စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ စလင်းမြို့နယ် အတွင်းရှိ ဆင်ချုံးကျေးရွာတွင် ပဲတောင့်ရှည်သီးနှံကို ၈ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ပဲတောင့်ရှည်သီးနှံကို ဇွန်လတွင် စိုက်ပျိုးပြီး စက်တင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ မျိုး အနေဖြင့် ပဲတောင့်ရှည် ပန်ထွာ-၁၁၁ မျိုးများဖြစ်ပြီး တစ်ဧကလျှင် မျိုးစေ့ထုပ် ၃ ထုပ်ခန့် စိုက်ပျိုးရ ကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် အတန်းလိုက်အစေ့ချ၍ စိုက်ပျိုးပြီး ရက်ပေါင်း ၂၀ အကြာတွင် တိုင်ထောင်ပေးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ ဝါးနှင့် လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၁ သိန်းခန့် ကုန်ကျပြီး ပိဿာ ၂၅၀၀-၃၅၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ၊ ဒုတိယပတ်တွင် ပဲတောင့်ရှည် တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၁၀၀၀-၁၃၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၄ သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် မကွေးမြို့နှင့် မင်းဘူးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ပဲတောင့် ရှည်သီးနှံဈေး ကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိ ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)