မကွေးမြို့နယ်၊ကမ်းရင်ကျေးရွာ၌ ခဝဲသီးစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာတွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခဝဲသီးနှံကို မြေအောက်ရေတင်စနစ်ဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး ၇ ဧက ခန့် စိုက်ပျိုးထားရှိ ကြောင်း သိရသည်။

   ခဝဲသီးမျိုးအနေဖြင့် မျှားနီတံဆိပ်မျိုးစေ့ တစ်ထုပ်လျှင် ငွေကျပ် ၁၂,၅၀၀ ဖြင့် ဝယ်ယူပြီး တစ်ဧကလျှင် မျိုးစေ့ ၉ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို အညှောင့်ဖောက်၍ နှစ်ပေ အကျယ်ရှိ စိုက်ဘောင်တွင် အတန်းလိုက် စိုက်ပျိုးပြီး တစ်လခန့်အကြာတွင်စင်ထိုး၍ ခဝဲအညွန့်များကို စင်ပေါ်တင်ပေးရကြောင်း၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းတွင် လှိုင်လှိုင်ထွက် ပေါ်လျက်ရှိကာ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ ဝါးနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ခဝဲသီးအတောင့်ရေ ၁၂၀၀၀-၁၅၀၀၀ ခန့်ထွက်ရှိပြီး ငွေကျပ် ၁၄ သိန်းခန့် အမြတ်ရရှိကြောင်း သိရသည်။

   ဈေးနှုန်းဈေးကွက်အနေဖြင့် စက်တင်ဘာလ၊ ဒုတိယပတ်အတွင်း ခဝဲသီးတစ်တောင့်လျှင် လက် ကားဈေး ငွေကျပ် ၂၀၀-၂၅၀ ဖြင့် မကွေးမြို့ပေါ်ရှိ လက်လီလက်ကား ကုန်စိမ်းအရောင်းဆိုင်ကြီးများ နှင့် ဈေးအတွင်းရှိ လက်လီဈေးသည်များသို့ ရောင်းချကြောင်း၊ ယခုနှစ်တွင် ခဝဲသီးတောင့်များ ဈေးကောင်းရရှိသောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)