ပခုက္ကူဈေးကွက်၌ ပဲစင်းငုံသီးနှံများ ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ပဲစင်းငုံသီးနှံကိုနှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ပခုက္ကူမြို့နယ် ၌ ၄၉၅၁ ဧက၊ ရေစကြိုမြို့နယ်၌ ၄၈၉၇ ဧက၊ မြိုင်မြို့နယ်၌ ၁၂၂၃၂ ဧက၊ ပေါက်မြို့နယ်၌  ၇၉၄၃ ဧက၊ ဆိပ်ဖြူမြို့နယ်၌  ၁၃၃၅ ဧက၊ စုစုပေါင်း ၃၁၃၅၈ ဧက စိုက်ပျိုးထားရှိကြောင်း၊ ပဲစင်းငုံသီးနှံမှာ ကုန်ကျစရိတ်သက်သာ၍ စိုက်ပျိုးရန် လွယ်ကူခြင်းကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး သီးသန့်စိုက်ပျိုးမှု နှင့် မြေပဲစိုက်ခင်း၊ ပဲတီစိမ်းစိုက်ခင်းများတွင် သီးညှပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး သီးညှပ်စိုက်ပျိုးခြင်း ကို ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

ပဲစင်းငုံသီးနှံကို ဇွန်လနှင့်ဇူလိုင်လတို့တွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မျိုးစေ့အနေဖြင့် ပဲစင်းငုံ(အနီ)နှင့် (အဝါ) မျိုးများကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့တစ်ပြည်ခန့်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအတွက်တစ်ဧကလျှင် ငွေကျပ် ၃ သိန်းခွဲ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၁၀-၁၅ တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှု အပေါ်မူတည်၍ သီးနှံအထွက်နှုန်းများ ကွဲပြားမှု ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲစင်းငုံသီးနှံပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၁၁၈,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၄ သိန်းခန့်ရရှိကြောင်း သိရသည်။

   ပဲစင်းငုံသီးနှံများမှာ ဖေဖော်ဝါရီလ၊ ပထမပတ်မှစတင်ပြီး ပခုက္ကူဈေးကွက်သို့ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ စက်တင်ဘာလ၊ ပထမပတ်တွင် ပဲစင်းငုံသီးနှံ တစ်တင်းလျှင် ငွေကျပ် ၁၆၃,၀၀၀ ဖြင့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှု အနေ ဖြင့် တစ်ရက်လျှင် ၃၀ ပိဿာဝင်အိတ်ရေ ၅၀ မှ ၁၀၀ အိတ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ် အတွင်း အိတ်ရေ ၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ပဲစင်းငုံသီးနှံကို ရန်ကုန်နှင့် မန္တလေးမြို့တို့သို့တင်ပို့ပြီး ထိုမှတစ်ဆင့် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေရှ့်နှင့် ပါကစ္စတန်နိုင်ငံ တို့သို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ပြည်ပဝယ်လိုအားကောင်းသော ပဲစင်းငုံသီးနှံများ ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပြည်ပဝယ်လိုအားကောင်း၍ ဈေးကွက်ခိုင်မာမှုရှိပြီး တောင်သူ များအတွက် အကျိုးအမြတ်ရရှိသော ပဲစင်းငုံသီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးကြကြောင်း သိရသည်။

DOCA (မကွေး)