ကျောက်ဆည်မြို့နယ်၌ ခရမ်းချဉ်သီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ နှမ်း၊ ပဲမျိုးစုံ၊ ပြောင်းနှင့် ငရုတ်စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ မန်ကျည်းတောနှင့် မူးကြိုးကုန်းကျေးရွာများတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးနှံကို လည်း စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ခရမ်းချဉ်စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးဘောင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင်တစ်လသားကျော်အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ ခရမ်းချဉ်သီးနှံကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး နှစ်လအကြာတွင် အသီးများစတင်ဆွတ်ခူးနိုင်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ မြေပြုပြင်ခ၊ ရေတင်ခ၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၇၀၀,၀၀၀-၈၅၀,၀၀၀ ခန့် ကုန်ကျကြောင်း သိရသည်။

   အထွက်နှုန်းအနေဖြင့် ခရမ်းချဉ်သီးနှံကို ၄-၅ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး စတင်ခူးဆွတ် ချိန်တွင် ပိဿာချိန် ၃၀-၅၀ ခန့် ထွက်ရှိ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုမိုလာကြောင်း၊ ခရမ်းချဉ်သီးနှံကို စတင်ခူးဆွတ်ချိန်မှစ၍ သုံးလခန့်အကြာ ခူးဆွတ်နိုင်ပြီး တစ်ဧကလျှင် စုစုပေါင်း ပိဿာချိန် ၂၀၀၀-၂၅၀၀ ခန့်ထွက်ရှိရာ စိုက်ပျိုးမြေအနေအထား၊ သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ခရမ်းချဉ်သီး လက်ကား ဈေးတစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀-၁၂၀၀၊ လက်လီ တစ်ပိဿာလျှင် ၁၂၀၀-၁၄၀၀ နှုန်းဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ရောင်းချမှုများအပြင် ကျောက်ဆည်မြို့ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးမြို့ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ကြောင်း၊ အကျိုးအမြတ် အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၂၀၀,၀၀၀-၁,၅၀၀,၀၀၀ ခန့် ရရှိကြောင်း သိရသည်။

DOCA (မန္တလေး)