မြို့သစ်မြို့နယ်တွင် မိုးနှမ်းသီးနှံများ စတင်ရိတ်သိမ်း

မကွေးတိုင်းဒေသကြီးသည် နှမ်းနှင့်ပဲမျိုးစုံကို အဓိကထား စိုက်ပျိုးကြပြီး မကွေးခရိုင်၊ မြို့သစ် မြို့နယ်အတွင်းရှိ ရုံးတော၊ ဝါးကြီးအိုင့်၊ ကွင်း၊ ဖန်ခါးပင်နှင့် ငွေလေးစသည့်ကျေးရွာများတွင် မိုးနှမ်း သီးနှံ စုစုပေါင်းစိုက်ဧက ၂၀၀၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   မိုးနှမ်းကို မိုးဦးကျကာလဖြစ်သည့် မေလဆန်းတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လဆန်းမှ စတင်၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းနက်(စမုန်)၊ နှမ်းဖြူ(ဂျပန်)၊ နှမ်းဖြူ(ခြုံ)နှင့် နှမ်းနီ မျိုးများကို စိုက်ပျိုးကြပြီး စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၇၅၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၁၂ တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဩဂုတ်လ၊ ပထမပတ်တွင် နှမ်းဖြူ(ဂျပန်) တစ်တင်းလျှင် ငွေကျပ် ၁၄၀,၀၀၀-၁၅၅,၀၀၀ ဖြင့်လည်းကောင်း၊ နှမ်းဖြူ(ခြုံ) တစ်တင်းလျှင် ငွေကျပ် ၁၃၈,၀၀၀-၁၄၁,၀၀၀ ဖြင့်လည်းကောင်း၊ နှမ်းနီတစ်တင်းလျှင် ငွေကျပ် ၁၃၃,၀၀၀-၁၃၅,၀၀၀ ဖြင့်လည်းကောင်း၊ နှမ်းနက် (စမုန်) တစ်တင်းလျှင် ငွေကျပ် ၁၈၅,၀၀၀-၁၉၀,၀၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

   အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် နှမ်းနက်(စမုန်) မျိုးအတွက် ငွေကျပ် ၁,၄၇၀,၀၀၀ ၊ နှမ်းဖြူ(ဂျပန်)မျိုးအတွက် ငွေကျပ် ၉၃၀၀၀၀ ၊ နှမ်းဖြူ(ခြုံ)မျိုးအတွက် ငွေကျပ် ၉၀၆,၀၀၀ ၊ နှမ်းနီမျိုး အတွက် ငွေကျပ် ၈၄၆,၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့၊ နတ်မောက်မြို့၊ မြို့သစ်မြို့နှင့် တောင်တွင်းကြီးမြို့များရှိ ပွဲရုံများနှင့် နှမ်းလှော်ဖိုလုပ်ငန်းများသို့ ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့လည်းကောင်း၊ မကွေးမြို့ မဟူရာ Energy ကုမ္ပဏီမှ Value added ပြုလုပ်ထားသော မြန်မာ့နှမ်းလှော်မုန့်များကို ကိုရီးယားနိုင်ငံသို့ လည်းကောင်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုဒဏ်ကြောင့် နှမ်းအထွက်နှုန်း အနည်းငယ်လျော့နည်းသော်လည်း ဈေးကောင်းရရှိသောကြောင့် နှမ်းစိုက်တောင်သူများ အကျိုးအမြတ် ရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)