စူပါတိုင်ဖွန်းမေဆတ် ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်း ကမ်းခြေသို့ဦးတည် မြေပြိုမှုများလေပြင်း တိုက်ခတ်မှုများဖြစ်ပေါ်လာနိုင်

     ဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းတွင်ဖြစ်ပေါ် လျက်ရှိသည့်စူပါတိုင်ဖွန်းမုန်တိုင်းမေဆတ်သည် ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းကမ်းခြေကို ဦးတည်လျက်ရှိကြောင်း နာဆာမှပေးပို့ ချက်များကို ကိုးကား၍ အေဘီစီအွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။

   အဆိုပါမေဆတ်အပူပိုင်းမုန်တိုင်းသည် စတင်ဖြစ်ပေါ်ခဲ့စဉ်က အဆင့်ငါးအဖြစ်သတ်မှတ်ထားခဲ့သော်လည်း ယခုအခါတွင် အဆင့်လေးသို့လျော့ကျသွားပြီး အားပျော့လာ ခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

   ယင်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံကုန်းတွင်းပိုင်းသို့ ဧပြီလ ၅ ရက်နေ့တွင် ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံအရှေ့မြောက်ပိုင်းရှိ တောင်တန်း များကိုဖြတ်ကျော်ခဲ့ပါက အားပျော့သွားနိုင်ကြောင်း မိုးလေဝသဗျူရို၏သတင်းထုတ်ပြန်ချက်များအရသိရသည်။ အဆိုပါမုန်တိုင်းသည် တစ်နာရီလျှင် ၁၇၅ ကီလိုမီတာနှုန်းဖြင့် ရွေ့ လျားလျက်ရှိသည်ဟုဆိုသည်။

   ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ အရှေ့မြောက်ပိုင်းရှိ အော်ရိုရာပြည်နယ်သို့ ဦးတည်တိုက်ခတ်နိုင်သည့်အတွက် အဆိုပါပြည်နယ်တွင် ရောက်ရှိနေသည့် နိုင်ငံခြားသားပေါင်း တစ်သောင်းကျော်ကို ရွှေ့ပြောင်းပေးရန်စီစဉ်လျက်ရှိကြောင်း၊ ထို့ပြင်ငါးဖမ်းသမားများကိုလည်း ပင်လယ်ပြင်သို့ထွက်ခွာခွင့်မပေးဘဲ တားမြစ်ထားကြောင်းဖြင့် အဆိုပါသတင်း တွင် ဖော်ပြထားသည်။

   အဆိုပါမုန်တိုင်းသည် သမုဒ္ဒရာပိုင်းကျွန်းစုနိုင်ငံ ငယ်လေးတစ်နိုင်ငံဖြစ်သည့် မိုက်ကဂိုနီရှားကိုဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံးလူငါးဦးသေဆုံးပြီး နေအိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါ ကျွန်းနိုင်ငံလေး၏ မြို့တော်ဖြစ်သည့် Chuuk တွင် အရေးပေါ်အခြေအနေကို ထုတ်ပြန် ကြေညာခဲ့ရကြောင်းဖြင့် အဆိုပါသတင်းတွင်ဖော်ပြ ထားသည်။

   ''ကျွန်းတစ်ကျွန်းလုံး မပျက်စီးတဲ့နေရာ မရှိသလောက်ပါပဲ။ တစ်ကျွန်းလုံး အပျက်အစီးတွေ နဲ့ပြည့်နှက်နေတယ်။ မုန်တိုင်းဒဏ်ကိုခံစားခဲ့ရတဲ့ အဲဒီဒေသက ပြည်သူတွေဟာ နားခိုစရာ နေရာဆိုတာ မရှိပါဘူး။ စားစရာ၊ ဝတ်စရာ ဘာဆိုဘာကိုမှ အကောင်းပကတိမရှိတော့ပါဘူး''ဟု အေဘီစီ အွန်လိုင်းသတင်းဌာန၏ အလွတ်တန်းဓာတ်ပုံ သတင်းထောက် ဘရက်ဟော်လန်ကပြောကြားခဲ့သည်။

မယ်သီတာ