တောင်ကိုရီးယား လူငယ်အလုပ်လက်မဲ့အရေအတွက် ဖေဖော်ဝါရီတွင် အများဆုံးစံချိန်တင်

   ဖေဖော်ဝါရီလတွင် အသက် ၁၅ နှစ်မှ၂၉ နှစ်ကြားတောင် ကိုရီးယားလူငယ် အလုပ်လက်မဲ့အရေအတွက်သည် ၁၅ နှစ်နှင့် ၇ လတာကာလအတွင်း အမြင့်ဆုံးအရေအတွက် သို့ ရောက်ရှိခဲ့သည်။ အမျိုးသားစာရင်းအင်းဌာနက မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်သောစာရင်းဇယားများအရ ၁၉၉၉ ခုနှစ် ဇူလိုင်လက အမြင့်ဆုံးအလုပ်လက်မဲ့နှုန်း ထက် အနည်းငယ်လျော့နည်းသည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအလုပ်လက်မဲ့နှုန်းသည် ၁၁ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ကြောင်းတွေ့ရပြီး ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလက လူငယ် အလုပ်လက်မဲ့နှုန်းထက် သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

   နိုင်ငံတွင်းအလုပ်လက်မဲ့နှုန်း သည် ၄ဒသမ၆ရာခိုင်နှုန်းရှိပြီး၊ ယခင်နှစ်အလားတူကာလထက် သုည ဒသမ ၁ ရာခိုင်နှုန်း တက်ခဲ့သည်။ ၎င်းအလုပ်လက်မဲ့ရာခိုင်နှုန်းသည် ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ အလုပ်လက်မဲ့နှုန်း ၄ ဒသမ ၉ ရာခိုင်နှုန်းထက် အနည်းငယ်သာ လျော့နည်းသည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အလုပ်ရှိသူအရေအတွက် သည် ၂၅ ဒသမ ၁၉ သန်းရှိပြီး၊ ယခင်နှစ်အလားတူကာလထက် ၃၆၇,၀၀၀ ဦးသာပိုလာခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်း အလုပ်လက်မဲ့ အရေအတွက်သည် ၁,၂၀၃,၀၀၀ ဦးရှိ၍ ယခင်နှစ်အလားတူ ကာလထက် ၂၄,၀၀၀ ဦးပိုသာခဲ့သည်။ အလုပ်အကိုင်ရှိသူ အချိုးကိုကြည့်လျှင် ၅၈ ဒသမ ၈ ရာခိုင်နှုန်းရှိ၍ ယခင်နှစ်အလားတူ ကာလ ထက်သုည ဒသမ ၂ ရာခိုင်နှုန်းတိုးလာခဲ့သည်။ စီးပွားရေးလုပ်ငန်းများတွင်ပါဝင်ပတ်သက်လုပ်ကိုင်နေသော လူဦးရေအချိုးသည် ၆၁ ဒသမ၆ ရာခိုင်နှုန်းရှိ၍ယခင်နှစ်အလားတူ ကာလထက် သုည ဒသမ ၂ ရာခိုင်နှုန်းတိုးခဲ့သည်ကိုတွေ့ရသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို့