စတုတ္ထသုံးလပတ်အတွက်မလေးရှားနိုင်ငံ၏ စီးပွားရေးမှာမြင့်တက်

   မလေးရှားနိုင်ငံရဲ့ ပြည်တွင်းဝယ် လိုအားခိုင်မာမှုကြောင့် မလေးရှားနိုင်ငံ ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုက ၂၀၁၄ ခုနှစ် စတုတ္တသုံးလပတ်မှာ ၅ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး ၂၀၁၄ ခုနှစ် တစ်နှစ်လုံးမှာ မလေးရှားဂျီဒီပီက ၆ ရာခိုင်နှုန်းတိုးတက်မှုရှိကြောင်း စတားအွန်လိုင်းသတင်းမှာဖော်ပြထားပါတယ်။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် ၂၀၁၄ ခုနှစ်  တစ်နှစ်လုံးမှာရရှိခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက မူလကခန့်မှန်းထားတဲ့ ဖွံ့ဖြိုးမှုနှုန်းထက် ပိုမိုမြင့်မားနေတာတွေ့ရပါတယ်။

   ကမ္ဘာ့စီးပွားရေးမှာ မရေရာမှုတွေ ရှိနေပေမယ့် မလေးရှားနိုင်ငံရဲ့ စီးပွားရေး က ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်ကိုရောက်ရှိနေတယ်လို့ မလေးရှားဗဟိုဘဏ် (Bank Negara) ရဲ့ အုပ်ချုပ်ရေးမှူး တန်ဆရီ   ဒေါက်တာဇက်တီအက်က ထာအဇစ်က  ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကပြောပါတယ်။  ဒီလိုတိုးတက်လာရတာကလည်း ငွေကြေးဖောင်းပွမှုနှုန်းနိမ့်ကျမှု၊ အခွင့်သာတဲ့ အလုပ်အကိုင်ရရှိမှုအခြေအနေ၊ ပြည်ပကြွေးမြီနိမ့်ကျမှုနဲ့ အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေအနေအထားကောင်းမွန်မှု စတဲ့ ခိုင်မာတဲ့ အခြေခံအဆောက်အအုံပေါ်မှာ ဖွဲ့ စည်းထားတဲ့ နိုင်ငံရဲ့စီးပွားရေးကြောင့်ဖြစ်တယ်လို့ အဇစ်ကပြောပါတယ်။

   ''မလေးရှားရဲ့ စီးပွားရေးကမှန်မှန်တိုးတက်တဲ့လမ်းကြောင်းပေါ်ကိုရောက်နေပါပြီ'' ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု တစ်ဖြည်းဖြည်းနာလန်ထူလာတာက ကုန်ချောတင်ပို့မှုစွမ်းဆောင် ရည်မြင့်တက်လာအောင်အထောက်အကူပေးပါတယ်။ ဒါပေမယ့် ကုန်စည်ဈေးနှုန်းတွေကျဆင်းနေတဲ့အတွက် ပို့ကုန်ဖွံ့ဖြိုးမှုတစ်ခုလုံးကို ခြုံငုံကြည့်ရင် တိုးတက်နှုန်း  နည်းနေသေးတာကို တွေ့ရပါတယ်။

    ရေနံဈေးနှုန်းတွေကျဆင်းမှုကြောင့် ပြည်တွင်းဝယ်လိုအားအခြေအနေကောင်းတွေရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကလည်း ခိုင်မာတဲ့အခြေအနေမှာရှိနေပါတယ်။

ဉာဏ်တင်