အီရန်စစ်ပွဲ စတင်ကတည်းက ဓာတ်ဆီဈေးနှုန်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ

 

အီရန်စစ်ပွဲစတင်ကတည်းက ခဲအသုံးမပြုဓာတ်ဆီသည် (Unleaded petrol) တစ်လီတာလျှင် ပျမ်းမျှ ၁.၅၈ ပေါင်ဖြင့် အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ပြီး စွမ်းအင်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များ နှေးကွေးခြင်း သို့မဟုတ် လုံးဝရပ်ဆိုင်းသွားခြင်းတို့ကြောင့် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ ရုတ်တရက် ထိုးတက်သွားခဲ့ကြောင်း ဗြိတန်ရှိ Royal Automobile Club (RAC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ ၁၅ ရက်နေ့တွင် နောက်ဆုံးအကြိမ် အမြင့်ဆုံးတက်ခဲ့သော ဓာတ်ဆီဈေးနှုန်းသည် မေလ အစပိုင်းတွင် အနည်းငယ် ပြန်လည်ကျဆင်းသွားခဲ့ကာ ယခုအခါ ပြန်လည်မြင့်တက်လာပါသည်။ လာမည့် ရက်သတ္တပတ်များအတွင်း ခဲအသုံးမပြုဓာတ်ဆီ (Unleaded petrol) ဈေးနှုန်းသည် တစ်လီတာလျှင် အနည်းဆုံး ၁.၆ ပေါင်သို့ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း RAC က ခန့်မှန်းထားသည်။

ပဋိပက္ခ မစခင်က ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၃ သာ ရှိသော်လည်း ယခုအခါ အမေရိကန်ဒေါ်လာ ၁၁၁ ဈေးပေါက်နေကြောင်း၊ ပဋိပက္ခ စတင်ချိန်က ခဲအသုံးမပြုဓာတ်ဆီ (Unleaded petrol) တစ်လီတာလျှင် ၁.၃၂ ပေါင်၊ ဒီဇယ်တစ်လီတာလျှင် ၁.၄၂ ပေါင် သာရှိခဲ့ကြောင်း၊ ယခုအခါ ဒီဇယ်တစ်လီတာလျှင် ၁.၈၅ ပေါင် ဈေးရှိကြောင်း၊ စက်တင်ဘာမှစ၍ လောင်စာဆီအပေါ် အခွန်ကောက်ခံရန် အစီအစဉ်များရေးဆွဲနေကြောင်း သတင်းများကလည်း ဈေးတက်စေကြောင်း RAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ စတင်ကတည်းက စက်သုံးဆီအပေါ် အကောက်ခွန်ကို အနည်းငယ် လျှော့ချထားသော်လည်း အကယ်၍ စက်သုံးဆီအကောက်ခွန်ကို လက်ရှိသတ်မှတ်နှုန်း တစ်လီတာလျှင် ၅.၂ ပေါင်တွင် ဆက်လက်ထားရှိပါက များစွာ သက်သာမှုများရှိနိုင်မည်ဖြစ်ကြောင်း၊ သို့သော် ဘဏ္ဍာရေးဝန်ကြီးဌာန (The Treasuryကမူ အခွန်ဆိုင်ရာ ခန့်မှန်းချက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဧပြီလအစပိုင်းတွင် ဈေးတက်ခဲ့သော ဒီဇယ်သည် ဈေးစတင်ကျနေကြောင်း၊ လက်လီရောင်းသူများက ဓာတ်ဆီဆိုင်တွင် သွားရောက်ဝယ်ယူခြင်းမှ အကျိုးအမြတ်များကို မျှဝေခြင်းဖြင့် ဈေးလျှော့ရောင်းသင့်ကြောင်း RAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ရင်းမြစ်။        BBC