အမေရိကန်က နိုင်ငံပေါင်း ၆၀ အပေါ် ပုဒ်မ ၃၀၁ အရ ကုန်သွယ်ရေးဆိုင်ရာ စုံစမ်းမည့်ကိစ္စသည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်စေကြောင်း တရုတ်ပြောကြား
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် အမေရိကန်က တရုတ်အပါအဝင် နိုင်ငံပေါင်း ၆၀ မှ သွင်းကုန်များကို အတင်းအကျပ်ဖိအားပေး ထုတ်လုပ်ခဲ့သည်ဟု စွပ်စွဲကာ ၎င်း၏ ပုဒ်မ ၃၀၁ အရ စုံစမ်းစစ်ဆေးရန် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါကြေညာချက်သည် အမေရိကန်ပြည်တွင်းလုပ်ငန်းများအပေါ် ကာကွယ်မှုတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာကုန်သွယ်မှုကို အနှောက်အယှက်ဖြစ်စေကြောင်း၊ သို့ဖြစ်ရာ ကြေညာချက်ကိုချက်ခြင်းပြင်ဆင်ပေးရန်နှင့် ပြသနာများကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် တရုတ် စီးပွား/ကူးသန်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်သည် မူလက နိုင်ငံပေါင်း ၁၆ နိုင်ငံကို ထုတ်လုပ်မှုစွမ်းရည်လွန်ကဲသည်ဟုစွပ်စွဲထားပြီး တစ်ရက်အကြာတွင် တရုတ်အပါအဝင် နိုင်ငံပေါင်း ၆၀ ကို ပုဒ်မ ၃၀၁ ဖြင့် စုံစမ်းစစ်ဆေးရန် ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။
တရုတ်၊ စီးပွား/ကူးသန်းဝန်ကြီးဌာနက အမေရိကန်သည် ယခင်ကတည်းက တရုတ်ထုတ်ကုန်များအပေါ် ကုန်သွယ်ရေးတားမြစ်မှုများ ချမှတ်နိုင်ရန် အတင်းအဓမ္မခိုင်းစေသည်ဟု စွပ်စွဲချက်များ လုပ်ကြံဖန်တီးခဲ့ကြောင်း၊ ယင်းလုပ်ရပ်များကို တရုတ်က ပြင်းထန်စွာကန့်ကွက်ကြောင်း၊ တရုတ်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ တည်ထောင်သူအဖွဲ့ဝင်နိုင်ငံဖြစ်ကာ အလုပ်သမားဆိုင်ရာနိုင်ငံတကာသဘောတူညီချက် ၂၈ ခုကို အတည်ပြု လက်မှတ်ရေးထိုးထားကြောင်း၊ ထို့ပြင် အတင်းအဓမ္မခိုင်းစေမှုများကိုတားဆီးရန် အလုပ်သမားဥပဒေများ၊ စည်းမျဉ်းများဖြင့် ဘက်စုံလွှမ်းခြုံသောစနစ်ကို တည်ထောင်ထားပြီး အရေးယူဆောင်ရွက်နေကြောင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုကို နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုနေသော အမေရိကန်သည် ၁၉၃၀ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သော “အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် (1930 Forced Labor Convention)”ကို အတည်ပြုလက်မှတ်ရေးထိုးထားခြင်း မရှိကြောင်း၊ တရုတ် နှင့် အခြားနိုင်ငံ ၆၀ အပေါ် ပုဒ်မ ၃၀၁ အရ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်းသည် တစ်ဖက်သတ်၊ အနိုင်ကျင့်၊ ခွဲခြားဆက်ဆံမှုဖြစ်ပြီး ကုန်သွယ်မှုဆိုင်ရာအတားအဆီးအသစ်များ ဖန်တီးရန်ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် ယခင်ကလည်း တရုတ်ကုန်စည်များအပေါ် ပုဒ်မ ၃၀၁ ဖြင့် အခွန်ကောက်ခံခဲ့ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) က ၎င်း၏ စည်းမျဉ်းများကို ချိုးဖောက်သည်ဟု ဆုံးဖြတ်ခဲ့ဖူးကြောင်း၊ ထပ်မံ၍ ပုဒ်မ ၃၀၁ အရ စုံစမ်းစစ်ဆေးရန် ကြိုးပမ်းခြင်းသည် အမေရိကန် ပြည်တွင်းဥပဒေကို နိုင်ငံတကာစည်းမျဉ်းများအထက်တွင် ထားရှိခြင်းဖြစ်ပြီး ကမ္ဘာ့စက်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ၏ တည်ငြိမ်မှုနှင့် လုံခြုံမှုကိုထိခိုက်စေကြောင်း၊ တရုတ်သည် အမေရိကန်၏ စုံစမ်းစစ်ဆေးမှုကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သောအစီအမံများကို ဆောင်ရွက်သွားမည်ဟု CGTN သတင်းဌာနက ဖော်ပြထားပါသည်။
ရင်းမြစ်။ https://news.cgtn.com/news/
