ထိုင်းနိုင်ငံတွင် ဆန်တင်ပို့မှုမဟာဗျူဟာသစ်များ ပြန်လည်ချမှတ်ရန် လိုအပ်နေ
ကမ္ဘာ့ဆန်ဈေးကွက်တွင် ယှဉ်ပြိုင်မှုမြင့်တက်လာသည်နှင့်အမျှ ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန်နှင့် ဈေးကွက်သစ်များ ရှာဖွေရန် မဟာဗျူဟာများကို ပြန်လည်ချမှတ်သင့်ကြောင်း၊ အိန္ဒိယ၏ ဆန်တင်ပို့မှု ပြန်လည်စတင်ခြင်းနှင့် ဘတ်ငွေတန်ဖိုး မြင့်တက်လာခြင်းတို့သည် ထိုင်းဆန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိနေကြောင်း ထိုင်း၊ Riceland International ၏ ဒုတိယဥက္ကဋ္ဌ Lisa Sriprasert က ပြောကြားခဲ့ပါသည်။
Mrs. Lisa က အိန္ဒိယ၏ ဆန်တင်ပို့မှုမူဝါဒကို လူတိုင်းက စောင့်ကြည့်နေကြောင်း၊ ကမ္ဘာ့ဈေးကွက်၌ ဆန်ပိုလျှံမှုများကြောင့် ဆန်ဖြူဈေးနှုန်း ကျဆင်းခဲ့သော်လည်း ထိုင်းစံပယ်ရနံ့ဆန်သည် ဈေးနှုန်း မြင့်မားနေဆဲဖြစ်ကြောင်း၊ သို့သော် ထိုင်းစံပယ်ရနံ့ဆန်သည် ဗီယက်နမ်ဆန်မွှေးနှင့် ယှဉ်ပြိုင်မှု မြင့်တက်နေကြောင်း၊ ထိုင်းစံပယ်ရနံ့ဆန်သည် ဈေးနှုန်းမြင့်မားသော်လည်း အမေရိကန်ဈေးကွက်က ဝယ်လိုအား မြင့်မားကြောင်း၊ ဗီယက်နမ်သည် ဈေးချိုသော ဆန်အမျိုးအစားများ ရောင်းချခြင်းဖြင့် ထိုင်းဆန်မွှေး ဈေးကွက်တော်တော်များများကို ရရှိခဲ့ကြောင်း၊ ထိုင်းဆန်မွှေးသည် ဆက်လက်ဈေးကြီးနေပါက မလိုလားအပ်သော အကျိုးဆက်များတွေ့ကြုံနိုင်ပြီး ဗီယက်နမ်သည် ဈေးချိုပြီး အမျိုးအစားစုံသောဆန်ကို များများရောင်းချနိုင်ရန် ဗျူဟာပြောင်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၅-၂၀၂၆ ခုနှစ် သီးနှံရာသီတွင် ထိုင်းစံပယ်ရနံ့ဆန်သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၁၂၀၊ ပသွန်ဌာနီဆန်မွှေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၈၀ ဈေးပေါက်ချိန်တွင် ဗီယက်နမ်ဆန်မွှေးသည် အမျိုးအစားအလိုက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀ မှ ၉၀၀ အထိ ရှိကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းအရ သိရှိရသည်။
ဆန်အမျိုးအစားကွဲများ ထုတ်လုပ်ရေး
ထိုင်းဆန်စပါးဆိုင်ရာ တာဝန်ရှိသူများသည် ဆန်မွှေးအမျိုးအစားများ ပိုမိုကျယ်ပြန့်စွာ မြှင့်တင်ရန် ကြိုးစားနေသော်လည်း စံပယ်ရနံ့ဆန်၏ နာမည်ကြီးမှုနှင့် ဈေးနှုန်းလျော့ချရန် အခက်အခဲတို့ကြောင့် စိန်ခေါ်မှုများရင်ဆိုင်နေရကြောင်း၊ ဗီယက်နမ်ဆန်ကဲ့သို့ ဈေးချိုသော ဆန်များထုတ်လုပ်ရန်လိုပြီး စိုက်ပျိုးမြေလည်းလိုအပ်ကြောင်း Mrs Lisa က ပြောကြားခဲ့သည်။
ထွက်နှုန်းမြင့်မားရေး
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ အချက်အလက်များအရ ထိုင်းနိုင်ငံ၏ ပျမ်းမျှ ဆန်ထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၄၇၃ ကီလိုဂရမ်၊ ဗီယက်နမ်၏ ဆန်ထွက်နှုန်းမှာ ၉၇၈ ကီလိုဂရမ်နှင့် အိန္ဒိယ၏ ဆန်ထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၆၉၂ ကီလိုဂရမ် အသီးသီး ရှိပါသည်။ ရိုးရာပုံစံဖြင့် နှစ်ပေါင်းများစွာ ထုတ်လုပ်လာသော ထိုင်းစံပယ်ရနံ့ဆန်၏ ထွက်နှုန်းတိုးမြှင့်ရန်မှာ မဖြစ်နိုင်သောကြောင့် မျိုးစပ်၍သာ ထွက်နှုန်းမြှင့် ဆန်များထုတ်လုပ်သင့်ကြောင်း၊ Mrs Lisa က ပြောကြားခဲ့သည်။
ထိုင်းဆန်ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ရေး
ထိုင်းဆန်လုပ်ငန်းရှင်သန်ရေးမဟာဗျူဟာနှင့် ပတ်သက်၍ Rice Hub အဖွဲ့ကို ပူးတွဲတည်ထောင်သူ Nop Dharmavanich က ထူးခြားသော အနံ့အရသာ၊ စနစ်ကျသော စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်း များနှင့် အားကောင်းသော ဈေးကွက်မြှင့်တင်ရေးမှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန်များကို ဖန်တီးရန် အကြံပြုထားပြီး ၎င်းအတွက် ထိုင်း၊စီးပွား/ကူးသန်းဝန်ကြီးဌာနက Khaopraneat စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းသည် ဒေသအလိုက်အကောင်းဆုံးသော ဆန်မျိုးကွဲများ ရွေးချယ်ခြင်း၊ အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်များ၊ ဒေသဆိုင်ရာအညွှန်းကိန်း(GI)လက်မှတ်များဖြင့် ထုတ်ကုန်၏ ကိုယ်ပိုင်အမှတ်တံဆိပ်များကို မြှင့်တင်ခြင်း တို့ပါဝင်ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ဆန်ထုတ် လုပ်သူအဖွဲ့ပေါင်း ၇၀၀ မှ ၈၀၀ အထိကို ချိတ်ဆက်ခြင်း၊ စားသောက်ကုန်လုပ်ငန်းများကိုလည်း သင့်လျှော်သော ဆန်အမျိုးအစားများကို ရွေးချယ်နိုင်ရန် စီးပွားရေးတွေ့ဆုံပွဲများ ဆောင်ရွက်ခြင်း၊ ဒိန် ချဉ်၊ ရေခဲမုန့်နှင့် ချောကလက်ကဲ့သို့သော အခြားစားသောက်ကုန်များတွင် ကုန်ကြမ်းပစ္စည်းအဖြစ် ထည့်သွင်းအသုံးပြုစေခြင်းတို့ ဆောင်ရွက်နေကြောင်း Mr. Nop က ပြောကြားခဲ့သည်။
ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု
ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန် ထိုင်းနိုင်ငံသည် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများအကြား ဘုံရည်မှန်းချက်တစ်ခုထားရှိကာ ခိုင်မာသောပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံမှာ ဆန်အမျိုးအစား များစွာရှိသော်လည်း မျိုးစေ့ထုတ်လုပ်သူများ၊ တောင်သူများ၊ ဆန်စက်ပိုင်ရှင်များနှင့် ရောင်းချသူများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးကြောင်း၊ ဈေးကွက်သစ်များ ဝင်ရောက်လိုပါက ထိုင်းနိုင်ငံမှ ဆန်မရောင်းချရသေးသည့် နိုင်ငံများ (တောင်ကိုရီးယားနှင့် ဆော်ဒီအာရေဗျ) ကဲ့သို့သော အလားအလာကောင်းသော နိုင်ငံများအပြင် အစိုးရ၏ ပံ့ပိုးမှုဖြင့် ဝင်ရောက်ရန် ခက်ခဲသော ဈေးကွက်များကိုပါ ရွေးချယ်သင့်ကြောင်း Mrs Lisa က ပြောကြားခဲ့သည်။
ရင်းမြစ်။ https://www.bangkokpost.com
