၂၀၂၅ ခုနှစ်၊ လျှပ်စစ်ကား (EV) ရောင်းအားတွင် တရုတ်နိုင်ငံ၏ BYD ကုမ္ပဏီက Tesla ကို ကျော်တက်ရန် အလားအလာရှိနေ

 

တိုးတက်လာသော တရုတ်၊ လျှပ်စစ်ကားကုမ္ပဏီ BYD သည် နှစ်စဉ်ရောင်းအားတွင် Tesla ကို ကျော်တက်ကာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားကုမ္ပဏီဖြစ်လာနိုင်ကြောင်း၊ ကုမ္ပဏီနှစ်ခုစလုံးက ၂၀၂၅ ခုနှစ်အတွက် ရောင်းအားစာရင်းကို မကြာမီ ထုတ်ပြန်မည်ဟု ခန့်မှန်းရသော် လည်း Tesla အနေဖြင့် ၎င်း၏ ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြေမရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ စာရင်းများအရ BYD ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ကား (EV) စီးရေ ၂.၀၇ သန်းအထိ ရောင်းချထားပြီး Tesla ကုမ္ပဏီသည် စက်တင်ဘာလကုန်အထိ လျှပ်စစ်ကားစီးရေ ၁.၂၂ သန်း ရောင်းချထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

Tesla ၏ စက်တင်ဘာလ အရောင်းစာရင်းတွင် သုံးလတာကာလအတွင်း ကားစီးရေ ငါးသိန်းနီးပါးအထိ ရောင်းအားမြင့်တက်ခဲ့မှုပါဝင်ပြီး ၎င်းသည် အမေရိကန်အစိုးရ၏ လျှပ်စစ်ကားဝယ်ယူသူများအတွက် အခွန်သက်သာခွင့် (Tax Credit) ပေးထားသောကာလအတွင်းဖြစ်ကြောင်း၊ လာမည့်သုံးလပတ်အတွင်း Tesla ၏ ရောင်းအားမှာ ၄၄၉,၀၀၀ သို့ ကျဆင်းကာ ၂၀၂၅ ခုနှစ်၊ တစ်နှစ်လုံးအတွက် စုစုပေါင်းရောင်းအား ၁.၆၅ သန်းခန့်သာ ရှိမည်ဖြစ်ကြောင်း FactSet က ခန့်မှန်းထားသည်။ အဆိုပါ ပမာဏသည် ယခင်နှစ်ထက် ၇.၇ % ကျဆင်းကာ BYD ၏ နိုဝင်ဘာလကုန် ရောင်းအားထက် များစွာ လျော့နည်းနေပါသည်။

Deutsche Bank ကလည်း စတုတ္ထသုံးလပတ်အတွင်း Tesla ၏ လျှပ်စစ်ကားရောင်းအားမှာ အစီးရေ ၄၀၅,၀၀၀ ခန့်သာရှိမည်ဟု ခန့်မှန်းထားပြီး မြောက်အမေရိကနှင့် ဥရောပဈေးကွက်နှစ်ခုလုံးတွင် သုံးပုံတစ်ပုံခန့် ကျဆင်းကာ တရုတ်နိုင်ငံတွင်မူ ဆယ်ပုံတစ်ပုံခန့် ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ 

ရင်းမြစ်။        https://japantoday.com/category/business/china's-byd