နိုဝင်ဘာလတွင် ထိုင်းပို့ကုန် ၇.၁% မြင့်တက်ခဲ့သော်လည်း ခန့်မှန်းထားသည်ထက် လျော့နည်း

 

နိုဝင်ဘာလတွင် ထိုင်းပို့ကုန်သည် ယခင်နှစ်ကထက် ၇.၁% မြင့်တက်လာသော်လည်း မျှော်မှန်းချက်  ၈.၂၅ % ထက် လျော့နည်းခဲ့ကြောင်း၊ ၂ လဆက်တိုက် သွင်းကုန်မြင့်တက်မှုက ကုန်သွယ်မှုလိုငွေ ပိုမိုမြင့်မားကာ ဘတ်ငွေတန်ဖိုး မြင့်တက်လာခြင်းအပါအဝင် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများလည်းရှိကြောင်း၊ ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် အောက်တိုဘာလတွင် ပို့ကုန်တိုးတက်မှုနှုန်း ၅.၇% ရှိပြီး ဇန်နဝါရီမှ နိုဝင်ဘာလအထိ ပို့ကုန်သည် ၁၂.၆ % တိုးတက်ခဲ့ကာ ပို့ကုန်တိုးတက်မှုနှုန်းသည် ၁၁.၆ % မှ ၁၂.၁ % အကြား ရှိကြောင်း၊ ပို့ကုန်တိုးတက်မှုနှုန်း မြင့်မားရခြင်းမှာ အမေရိကန်၏ အကောက်ခွန်အသစ်များကို ရှောင်ရှားရန် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း အမေရိကန်သို့  တိုးမြှင့်တင်ပို့ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

နိုဝင်ဘာလ၏ သွင်းကုန်တန်ဖိုးမှာ ၁၄ % တိုးတက်မည်ဟု ခန့်မှန်းထားသော်လည်း ယခင်နှစ် အလားတူကာလထက် ၁၇.၆ % မြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ခန့်မှန်းချက် ဒေါ်လာ ၁.၁၂ ဘီလီယံထက် ပိုမိုကာ အမေရိကန်ဒေါ်လာ ၂.၇၃ ဘီလီယံ အထိရှိကြောင်း၊ နိုင်ငံ၏ကုန်သွယ်မှု လိုငွေသည် အောက်တိုဘာလတွင်အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံဖြင့် ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ နောက်ပိုင်းအများဆုံးဖြစ်ခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးဈေးကွက်ဖြစ်သော အမေရိကန်နိုင်ငံသို့ နိုဝင်ဘာလအတွင်း တင်ပို့မှုသည် ယခင်နှစ်ထက် ၃၇.၉ % တိုးတက်ကာ အမေရိကန်ဒေါ်လာ ၆.၄၇ ဘီလီယံထိ ရရှိခဲ့သော်လည်း တရုတ်နိုင်ငံသို့ တင်ပို့မှုမှာမူ ၇.၈% ကျဆင်းခဲ့ကြောင်း၊ အမေရိကန်တွင် ဉာဏ်ရည်တု (AI) အခြေခံ အဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှု များပြားလာခြင်းက ထိုင်းအီလက်ထရောနစ် ထုတ်ကုန်များနှင့် အပိုပစ္စည်းများ ဝယ်လိုအားကို မြင့်တက်စေခဲ့ပြီး ယခင်နှစ်ထက် ၁၅၇ % တိုးတက်ကာ တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၂၄ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ထိုင်း စီးပွား/ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

ဘတ်ငွေတန်ဖိုးမြင့်တက်လာခြင်းက နိုင်ငံ၏ အစားအသောက်နှင့် လယ်ယာထွက်ကုန်များ တင်ပို့မှု အပါအဝင် အဓိကပို့ကုန်အချို့အပေါ် ထိခိုက်စေကြောင်း၊ ကုန်သွယ်မှုလိုငွေပြမှုသည် ပို့ကုန်တိုးမြှင့် ထုတ်လုပ်ရန် အရင်းအနှီးပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုကြောင့်ဖြစ်ပြီး နိုဝင်ဘာလအတွင်း အရင်းအနှီးပစ္စည်းများတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံဖြင့် ၁၉ % မြင့်တက်ခဲ့ပြီး ကုန်ကြမ်းနှင့် တစ်ပိုင်းတစ်စ ကုန်ချောပစ္စည်းများ တင်သွင်းမှုတွင်လည်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံဖြင့် ၃၀ % မြင့်တက်ခဲ့ကြောင်း ထိုင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Nantapong Chiralerspong က ပြောကြားခဲ့သည်။ 

ယခုနှစ်အတွင်း ဘတ်ငွေသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၁၀.၄ % အထိ တန်ဖိုးတက်လာခဲ့ပြီး အာရှတွင် ဒုတိယမြောက် တန်ဖိုးအရှိဆုံးငွေကြေးဖြစ်လာခဲ့ပါသည်။

ရင်းမြစ်။        https://www.bangkokpost.com/