ဥရောပသမဂ္ဂ (EU) က စိုက်ပျိုးရေးနှင့် စားသောက်ကုန်တင်သွင်းမှုများအပေါ် တင်းကျပ်စွာ စစ်ဆေးလျက်ရှိ
ဥရောပကော်မရှင်၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ဥရောပသမဂ္ဂသည် စိုက်ပျိုးရေးနှင့် စားသောက်ကုန် တင်သွင်းမှုများအပေါ် ပိုမိုတင်းကျပ်စွာဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှ လူ၊ တိရိစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေး (SPS) စစ်ဆေးမှုများကို ၅၀ % နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ နယ်စပ်စခန်းများ၌ စစ်ဆေးမှုများကို ၃၃% အထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယခုလုပ်ရပ်ကြောင့် ဥရောပသမဂ္ဂသို့ သွင်းကုန်များသည် ဥရောပသမဂ္ဂအတွင်းရှိ တောင်သူများနှင့် လုပ်ငန်းရှင်များ လိုက်နာရသည့် အစားအစာဘေးကင်းလုံခြုံမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာစံနှုန်းများကို အပြည့်အဝလိုက်နာထားရန် ရည်ရွယ်ကြောင်း၊ ထို့ပြင် လုပ်ငန်းအဖွဲ့အသစ်တစ်ခုဖွဲ့စည်း၍ ပိုးသတ်ဆေးအကြွင်းအကျန်များ၊ အစားအစာနှင့် တိရစ္ဆာန်အစာ ဘေးကင်းရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် သွင်းကုန်အချို့တို့ကို အထူးစောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂ၊ တိရစ္ဆာန်ကျန်းမာရေးနှင့် လူမှုဖူလုံရေးဆိုင်ရာ ကော်မရှင်နာ Olivér Várhelyi က ယခုကဲ့သို့ စစ်ဆေးမှုတင်းကျပ်ရခြင်းမှာ ဥရောပတောင်သူများ၏ တောင်းဆိုချက်များ အရ သွင်းကုန်များကို ဒေသတွင်းစံနှုန်းများနှင့်အညီဖြစ်စေရန်နှင့် တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရန်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်သော ကုန်သွယ်ဖက်နိုင်ငံအားလုံးအပေါ် တစ်ပြေးညီ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဥရောပကော်မရှင်သည် လူ၊ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ စစ်ဆေးမှုများ (SPS) အပြင် စိုက်ပျိုးရေးသွင်းကုန်များတွင် EU က တားမြစ်ထားသည့် ပိုးသတ်ဆေးအကြွင်းအကျန်များ ရှိ/ မရှိ စစ်ဆေးမည့် စည်းမျဉ်းများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း၊ အချို့သော ပိုးသတ်ဆေးအာနိသင်ရှိ ပစ္စည်းများကို နိုင်ငံတကာအဖွဲ့အစည်းများအား ပြန်လည်သတ်မှတ်စေပြီး ဥရောပသမဂ္ဂ ဥပဒေတွင် ထည့်သွင်းရန် လိုအပ်ကြောင်း၊ သွင်းကုန်များမှတစ်ဆင့် အန္တရာယ်ရှိသော ပိုးသတ်ဆေးများ EU ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လာမည့်အန္တရာယ်ကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း EU က ဖော်ပြထားပါသည်။
ဥရောပကော်မရှင်သည် နယ်စပ်ဂိတ်များ၌ စစ်ဆေးမှုများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန် စစ်ဆေးရေးမှူး ၅၀၀ အား သင်တန်းပေးသွားမည်ဖြစ်သလို တချိန်တည်းမှာပင် အထူးလုပ်ငန်းအဖွဲ့ကလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သွင်းကုန်စောင့်ကြည့်စစ်ဆေးမှုများကို တသမတ်တည်း ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုနည်းလမ်းများသည် စားသုံးသူများကို ကာကွယ်ရန်၊ ဥရောပတောင်သူများကို ပံ့ပိုးရန်နှင့် EU ဈေးကွက်သို့ ဝင်ရောက်လာသည့် ထုတ်ကုန်အားလုံးသည် တင်းကျပ်သော ကျန်းမာရေးနှင့် ဘေးကင်းရေးစံနှုန်းများနှင့် ကိုက်ညီစေရန်ဖြစ်ကြောင်း သိရှိရပါသည်။
ရင်းမြစ်။ https://wtocenter.vn/
