ဖိလစ်ပိုင်တွင် စီးပွားရေး ပိုမိုလွယ်ကူစွာလုပ်ကိုင်နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ချေးငွေ အတည်ပြု

 

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဖိလစ်ပိုင်နိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံသူများ စီးပွားရေး ပိုမိုလွယ်ကူစွာ လုပ်ကိုင်နိုင်ရန် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၄၀၀ ကို အတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ADB ၏ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Andrew Jeffries က စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုတို့တွင် ပုဂ္ဂလိကကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍက ပါဝင်ပါကြောင်း၊ ပိုမိုတိုးတက်မှုရှိသော စီးပွားရေးကဏ္ဍအဖြစ် အထောက်အကူပြုနိုင်မည့် စီးပွားရေးဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ရန်အတွက် ဆန်းသစ်မှုရှိသောနည်းလမ်းများကို ရှာဖွေနိုင်ရန် ဖိလစ်ပိုင်ကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ် (World Bank) ၏ စီးပွားရေးနိုင်ငံ ၅၀ ကို အကဲဖြတ်ထားသည့် ပထမဆုံး "Business Ready 2024" အစီရင်ခံစာတွင် ဖိလစ်ပိုင်နိုင်ငံသည် စည်းမျည်းစည်းကမ်းဆိုင်ရာမူဘောင်အရ အဆင့် ၁၆ ၊ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများတွင် အဆင့် ၂၄ နှင့် လုပ်ငန်းလည်ပတ်ထိရောက်မှု တွင် အဆင့် ၃၆ ရရှိထားပြီး ADB ၏ ရန်ပုံငွေများကိုပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများကဲ့သို့သော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် လိုအပ်သော ဥပဒေနှင့် စည်းမျဉ်းမူဘောင်များ ခိုင်မာအားကောင်းရန် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ADB က ပြောကြားခဲ့သည်။

UNCTAD ၏ ၂၀၂၅ ခုနှစ် အာဆီယံ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအရ ပြီးခဲ့သည့်နှစ်၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအစီရင်ခံစာတွင် ဖိလစ်ပိုင်က အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံ၊ မလေးရှားက အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ၊ အင်ဒိုနီးရှားက အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံနှင့် ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ အသီးသီး ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ရင်းမြစ်။        ရိုက်တာသတင်းဌာန