ကိုရီးယားအမဲသားနှင့် ဝက်သားကို စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ရောင်းချ
ကိုရီးယားနှင့် စင်ကာပူနိုင်ငံတို့ ၁၀ နှစ်ကြာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အရည်အသွေးအကောင်းဆုံး ကိုရီးယား "ဟန်အူး" အမဲသားနှင့် ဂျယ်ဂျူကျွန်းမှ ဝက်သားများတင်ပို့ရေး သဘောတူညီချက်ကို တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီး တစ်လခန့်အကြာတွင် ပထမဆုံးတင်ပို့မှုအဖြစ် တန်ချိန် ၄.၅ တန် တန်ဖိုးအားဖြင့် ဝမ် ၂၈၀ မီလီယံ (အမေရိကန်ဒေါ်လာ ၁၉၀,၀၀၀) တန်ဖိုးရှိ ဂျယ်ဂျူ ဟန်အူးအမဲသားနှင့် ဝက်သားများ တင်ဆောင်သည့် သင်္ဘောသည် စင်ကာပူနိုင်ငံသို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံသို့ ယခုကဲ့သို့တင်ပို့နိုင်မှုသည် ကိုရီးယား၏ မွေးမြူရေး ထွက်ကုန်များ ပို့ကုန်ဈေးကွက်ချဲ့ထွင်ရေးအတွက် အရေးပါသော အမှတ်အသားတစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကိုရီးယားက ဟန်အူးအမဲသားကို ဟောင်ကောင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံများပြီးလျှင် စင်ကာပူနိုင်ငံသည် အဋ္ဌမမြောက် တင်ပို့သည့်နိုင်ငံဖြစ်ပါ သည်။
“တင်းကျပ်သော သွင်းကုန်စံနှုန်းများ ချမှတ်ထားသည့် စင်ကာပူနိုင်ငံသို့ ကိုရီးယားမွေးမြူရေးထွက်ကုန်များ တင်ပို့နိုင်မှုသည် ကိုရီးယားမွေးမြူရေးထွက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုစနစ် အတွက် နိုင်ငံ၏ ဂုဏ်သတင်းကို ပိုမိုမြှင့်တင်ပေးနိုင်မည့် အထောက်အပံ့ဖြစ်ကြောင်း၊ ထို့ပြင် ဆိုးလ်မြို့၏ မွေးမြူရေးထုတ်ကုန်များကိုလည်း တိုးချဲ့တင်ပို့ရန် ကြိုးပမ်းအားထုတ်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” အစားအသောက်နှင့်ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့က ဂျယ်ဂျူကျွန်းကို ခွာကွဲတိရစ္ဆာန်များ (နွားနှင့် ဝက်) တွင် ဖြစ်ပွားတတ်သည့် ခွာနာလျှာနာရောဂါ၊ ကင်းစင်ဒေသအဖြစ် မေလက အသိအမှတ်ပြုခဲ့ကြောင်း သိရှိရပါ သည်။
ရင်းမြစ်။ The Korea Times
