နှစ်နိုင်ငံခေါင်းဆောင်များမတွေ့ဆုံမီ ကုန်သွယ်ရေးသဘောတူညီချက် ရရှိနိုင်သည့် အမေရိကန်နှင့် တရုတ်

 

အမေရိကန်၊ ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ ကုန်သွယ်ရေးဝန်ကြီး Jamieson Greer ၊ တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုခေါင်းဆောင် Li Chenggang တို့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေး၏ ပူးတွဲအစီအစဉ် အဖြစ် အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ အောက်တိုဘာလ ၃၀ ရက်နေ့ တွေ့ဆုံမှုမတိုင်မီ သဘောတူညီချက်ရရှိနိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Bessent က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဆက်လက်၍ Bessent က အဆိုပါသဘောတူညီချက်ကြောင့် မြေရှားသတ္တုနှင့် သံလိုက်များအပေါ် တရုတ်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်ရေးစည်းမျဉ်းများ တိုးမြှင့်လာခြင်းကို ရွှေ့ဆိုင်းနိုင်မည်ဖြစ်ပြီး ထရမ့်၏ တရုတ်ကုန်စည်များအပေါ် ၁၀၀ % အခွန်စည်းကြပ်ရန် ခြိမ်းခြောက်မှုကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၊ ပိုမိုဟန်ချက်ညီသော ကုန်သွယ်မှုနှင့် အမေရိကန်၏ (fentanyl) မူးယစ်ဆေးဝါး ပြဿနာများကို ဖြေရှင်းရန် နှစ်နိုင်ငံခေါင်းဆောင်များသည် အမေရိကန်ထံမှ ပဲပုပ်နှင့် စိုက်ပျိုးရေးထွက်ကုန်များ ဝယ်ယူရန်ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်ထိပ်တန်းကုန်သွယ်ရေးညှိနှိုင်းရေးမှူး Li Chenggangက နှစ်ဖက်စလုံးသည် ကနဦးသဘော တူညီချက်တစ်ခု ရရှိထားပြီး ပြည်တွင်းခွင့်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးက ကုန်သွယ်ရေးတင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းမှ ရှောင်ရှားရန် ကြိုးပမ်းလျက်ရှိပြီး လတ်တလော တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကောက်ခွန်တိုးမြှင့်ကောက်ခံနေသည့် ကုန်သွယ်ရေးစစ်ပွဲအား ဆိုင်းငံ့ထားမှုသည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Bessent က အကယ်၍ သမ္မတဆုံးဖြတ်ချက် နှောင့်နှေးနေပါက ကုန်သွယ်ရေးစစ်ပွဲ ဆိုင်းငံ့မှုကို သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရင်းမြစ်။ www.channelnewasia.com