မြေရှားသတ္တုနှင့် အခြားအရေးကြီးသတ္တုများဆိုင်ရာ သဘောတူညီချက်ကို အမေရိကန်နှင့် ဩစတြေးလျတို့ လက်မှတ်ရေးထိုး
မြေရှားသတ္တုနှင့် အခြားအရေးကြီးသတ္တု ဈေးကွက်တွင် တရုတ်၏ကြီးစိုးမှုကို တန်ပြန်ရန် အမေရိကန်နှင့် သြစတြေးလျတို့က သဘောတူညီချက်တစ်ရပ် ရေးထိုးခဲ့သည်။ သြစတြေးလျဝန်ကြီးချုပ် Anthony Albanese က သဘောတူညီချက်ကြောင့် ကန်ဒေါ်လာ ၈.၅ ဘီလီယံ တန်ဖိုးရှိ စီမံကိန်းများ ဆောင် ရွက်တော့မည်ဖြစ်ကြောင်းနှင့် ဩစတြေးလျ၏ သတ္တုတူးဖော်ရေးနှင့် ထုတ်လုပ်မှုများကို ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သလို သမ္မတထရမ့်ကလည်း သြစတြေးလျ၏ အမေရိကန်၊ ဗြိတိန်တို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော Aukus ဟုလူသိများသော ရေငုပ် သင်္ဘောသဘောတူညီချက်အပေါ် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်သည် မြေရှားသတ္တုတူးဖော်မှု၏ ၇၀% နှင့် ကာကွယ်ရေးပစ္စည်းများမှစ ကွန်ပျူတာချစ်ပ်များနှင့် ကားများတွင် အသုံးပြုသည့် ကုန်ချောထုတ်လုပ်မှု၏ ၉၀% ကို ထိန်းချုပ်ထားပါ သည်။ ယခုနှစ် အမေရိကန်၏ အခွန်စည်းကြပ်မှုအသစ်နှင့် အခြားတင်းမာမှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်က အမေရိကန်လိုအပ်သော အဆိုပါပစ္စည်းများကို ကန့်သတ်လိုက်ရာ အမေရိကန် ကုမ္ပဏီများ နစ်နာခဲ့ပါသည်။
ယခုသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် သြစတြေးလျရှိ ရှားပါးမြေသတ္တုတူးဖော်ရေး ကုမ္ပဏီများ၏ ရှယ်ယာများ ခုန်တက်သွားသည်။
သြစတြေးလျဝန်ကြီးချုပ်က သဘောတူညီချက်သည် ဩစတြေးလျစက်ရုံများတွင် အမေရိကန် ရင်းနှီး မြှုပ်နှံမှုများ အပါအဝင် စီမံကိန်း ၃ မျိုးတွင် အရှိန်မြှင့်ရန် ရည်ရွယ်ထားကြောင်း၊ ဈေးနှုန်းသတ်မှတ်ခြင်း၊ ခွင့်ပြုခြင်းနှင့် ကုမ္ပဏီများ၏ ရောင်းချမှုများအပေါ် အစိုးရက ပြန်လည်သုံးသပ်ခြင်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်က သြစတြေးလျအနောက်ပိုင်းရှိ တစ်နှစ်လျှင် တန် ၁၀၀ ထွက် အဆင့်မြင့်ဂယ်လီယမ် သန့်စင်စက်ရုံတည်ဆောက်ရေးတွင် ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ကြောင်းနှင့် အရေးကြီး ဓာတ်သတ္တု စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှု ကန်ဒေါ်လာ ၂.၂ ဘီလီယံခန့်ကို ၎င်း၏ ပို့ကုန်-သွင်းကုန် ဘဏ်မှတစ်ဆင့် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သြစတြေးလျသည် အရေးကြီးဓာတ်သတ္တုများ အဓိကထုတ်လုပ်သော်လည်း ကုမ္ပဏီများ အသုံးပြုနိုင်သည့် ကုန်ချောအဖြစ် ထုတ်လုပ်ရာတွင် အမေရိကန်ကဲ့သို့ပင် ၎င်း၏ အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်ဖြစ်သော တရုတ်နိုင်ငံကို မှီခိုနေရပါသည်။
ရင်းမြစ်။    https://www.bbc.com
