စက်တင်ဘာလအတွင်းဗီယက်နမ်၏ ဆန်အများဆုံးဝယ်ယူခဲ့သည့် ဂါနာ

 

ဖိလစ်ပိုင်မှ ဗီယက်နမ်ဆန်တင်သွင်းမှုယာယီရပ်ဆိုင်းထားစဉ် ဂါနာသည် ဗီယက်နမ်ဆန် တင်ပို့မှု စုစုပေါင်း၏ ၂၂ % ခန့် ဝယ်ယူခဲ့သဖြင့် စက်တင်ဘာလအတွင်း ဗီယက်နမ် ဆန်အများဆုံး ဝယ်ယူသူဖြစ်ခဲ့ပြီး အိုင်ဗရီကို့စ်နှင့် မလေးရှားနိုင်ငံတို့ကလည်း စျေးကွက်ဝေစု ၂၁ % နှင့် ၁၀ % အသီးသီးဖြင့် ဒုတိယနှင့် တတိယအများဆုံး တင်သွင်းသည့်နိုင်ငံများ ဖြစ်လာကြပါသည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၂ ၅ခုနှစ်၊ ပထမ ၉ လအတွင်း အမေရိကန်ဒေါ်လာ ၃.၄၉ ဘီလီယံ တန်ဖိုးရှိ ဆန်တန်ချိန် ၆.၈၃ သန်း တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ပမာဏအားဖြင့် ၂.၀၅ % နှင့် တန်ဖိုးအား ဖြင့် ၁၉.၉၈ % ကျဆင်းခဲ့သည်။ ဗီယက်နမ်သည် စက်တင်ဘာလ တစ်လတည်းတွင် အမေရိကန်ဒေါ်လာ ၂၃၂.၃၈ သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၄၆၆,၈၀၀ တင်ပို့ခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူထက် ပမာဏအားဖြင့် ၄၃.၂၇ % နှင့် တန်ဖိုးအားဖြင့် ၅၄.၇၃ % သိသိသာသာ ကျဆင်းခဲ့သည်။

ဖိလစ်ပိုင်အစိုးရက ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းမှုကြောင့် စက်တင်ဘာ ၁ ရက်မှစ၍ ဆန်တင်သွင်းမှု ၂ လကြာ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သော်လည်း အခြားဒေသများမှ ဝယ်လိုအား ကြီးထွား လာမှုကြောင့် ပျမ်းမျှတင်ပို့မှု အားကောင်းနေမည်ဟု စျေးကွက်လေ့လာသူများက ခန့်မှန်းကြသည်။ ဗီယက်နမ်၏ အဓိကဝယ်လက်ဖြစ်သည့် ဖိလစ်ပိုင်သည် ရက်ပေါင်း ၆၀ အတွင်း ဆန်တင်သွင်းမှု ပြန်လည်စတင်ရန် မဆုံးဖြတ်မီအခြေအနေကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ဗီယက်နမ်အနေဖြင့် ပို့ကုန် အရှိန်ကို ချိန်ညှိနိုင်ချိန် အလုံအလောက်ရရှိမည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းမှု ခေတ္တရပ်ဆိုင်းထားသော်လည်း ဗီယက်နမ်၏ တစ်နှစ်ပတ်လုံး တင်ပို့မှုသည် တန်ချိန် ၈.၂ သန်းကျော် ရှိမည်ဟု မျှော်လင့်ရပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံများသို့ တင်ပို့မှုမြင့်တက်လာခြင်းကြောင့် ဈေးကွက်ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း ဗီယက်နမ်သတင်းဌာန VNS က ဖော်ပြထားပါသည်။

ရင်းမြစ်။        VNS