၂၀၂၅ ခုနှစ်၏ ကမ္ဘာ့ကုန်သွယ်မှုအလားအလာ အစီရင်ခံစာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလထုတ် ကမ္ဘာ့ကုန်သွယ်မှုအလားအလာအစီရင်ခံစာကို အောက်တိုဘာလ ၇ ရက်နေ့တွင် အသစ်ထုတ်ဝေခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်မှုအလားအလာ

အစီရင်ခံစာဖော်ပြချက်အရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုပမာဏမှာ ဩဂုတ်လအတွင်း ကြားဖြတ်ခန့်မှန်းခဲ့သော ၀.၉ ရာခိုင်နှုန်းမှ တိုးလာပြီး ၂.၄ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်အတွက် အလားအလာမှာမူ ၀.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်မှု အတွက် ခန့်မှန်းချက်ကိုလည်း မွမ်းမံပြင်ဆင်ထားကာ စီးပွားဖြစ်ဝန်ဆောင်မှုများ တင်ပို့မှုပမာဏမှာ ၂၀၂၅ ခုနှစ်တွင် ၄.၆ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်တွင် ၄.၄ ရာခိုင်နှုန်းတိုးလာရန် မျှော်လင့်ထားပြီး ယခင်ခန့်မှန်းချက်ထက် အနည်းငယ်တိုးလာကြောင်း၊ ၂၀၂၆ ခုနှစ်အတွက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများတွင် တိုးတက်မှုနှုန်းမှာ ၁.၈ ရာခိုင်နှုန်း နှေးကွေးနေမည်ဟု မျှော်မှန်းထားပြီး ယင်းခန့်မှန်းချက်မှာ ကုန်စည်ကုန်သွယ်မှုတွင် လျော့ကျလာမည်ဟူသော အလားအလာကို ထင်ဟပ်စေကြောင်း၊ တစ်ချိန်တည်းတွင် အခြားစီးပွားရေးဝန်ဆောင်မှုများ ၅.၁ ရာခိုင်နှုန်း နှင့် ဒစ်ဂျစ်တယ်နည်းဖြင့် ဆောင်ရွက်သော ဝန်ဆောင်မှုများ ၅.၆ ရာခိုင်နှုန်းဖြင့် တိုးတက်မှု တည်ငြိမ်နေနိုင်ကာ ခရီးသွားတိုးတက်မှုနှုန်းမှာ ၄.၄ ရာခိုင်နှုန်းသို့ အနည်းငယ်တက်လာနိုင်ကြောင်း၊ ကမ္ဘာ့ ကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ယခင်နှစ်ကထက် ၄.၉ ရာခိုင်နှုန်း တက်လာပြီး မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ တိုးလာခဲ့ကြောင်း၊ ထိုသို့ တိုးတက်လာရသော အကြောင်းအရင်းများစွာ၌ ပိုမိုမြင့်မားသော အကောက်ခွန်နှုန်းများ အသက်ဝင်မလာမီ လုပ်ငန်းများနှင့် အိမ်ထောင်စုများ၏ အမြောက်အများဝယ်ယူမှုကြောင့်ဖြစ်ကြောင်း၊ ယခုနှစ် ပထမသုံးလပတ်တွင် မြောက်အမေရိက သွင်းကုန်များကို တဟုန်ထိုး တင်သွင်းခဲ့ကြောင်း၊ မြောက်အမေရိက တင်သွင်းမှု၏ သုံးပုံတစ်ပုံခန့်မှာ အဖိုးတန်သတ္ထုများဖြစ်ပြီး ကျန်ကုန်စည်များတွင် အဓိကအားဖြင့် လျှပ်စစ်ပစ္စည်းများ (အစိတ်အပိုင်းများအပါအဝင်) နှင့် ဓာတုပစ္စည်း (အများအားဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ဥရောပနိုင်ငံများနှင့် ပင်ရင်းဖြစ်သောဆေးဝါးများ)ပါဝင်ခဲ့ကြောင်း၊တဆက်တည်းမှာပင် ဥရောပသမဂ္ဂ၏ မြောက်အမေရိကမှ သွင်းကုန်များမှာ မတ်လတွင် မြင့်တက်လာခဲ့ပြီး အတ္တလန်တိတ်တစ်ဝှမ်းရှိ ထောက်ပံ့ရေးကွင်းဆက်များ လည်ပတ်နေသော ကုမ္ပဏီများက အထူးသဖြင့် ဆေးဝါးကဏ္ဍတွင် ၎င်းတို့၏ ကုန်လက်ကျန် စုဆောင်းမှုများကို တိုးမြင့်လာစေရန် ဖြည့်ဆည်းထားကြခြင်းဖြစ်ကြောင်း၊ ခန့်မှန်းချက်အသစ်အရ အာရှဒေသသည် ၂၀၂၅ ခုနှစ်တွင် ပို့ကုန်တိုးတက်မှုနှုန်းအမြန်ဆန်ဆုံးဖြစ်ပြီး ၅.၃ ရာခိုင်နှုန်းရှိကြောင်း၊ သိရှိရပါသည်။

AI နည်းပညာအသုံးပြုကုန်သွယ်မှုများ

ဉာဏ်ရည်တုနည်းပညာ (AI) ဆိုင်ရာ ကုန်စည်များသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှု၏ အဓိက မောင်းနှင်အားအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ပရိုဆက်ဆာများမှသည် ကွန်ပျူတာများ၊ ဆာဗာများနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများအထိ AI နှင့် ပတ်သက်သည့် ထုတ်ကုန်လိုင်းပေါင်း ၁၀၀ ခန့်တို့ကို ကုန်သွယ်ခဲ့ရာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၁.၆၁ ထရီလီယံမှ ၂၀၂၅ ခုနှစ် အလားတူ ကာလတွင် အမေရိကန်ဒေါ်လာ ၁.၉၂ ထရီလီယံသို့ ၂၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ကြောင်း၊ AI နည်းပညာသည် ကုန်သွယ်မှုကုန်ကျစရိတ်များကို လျှော့ချပေးခြင်း၊ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးခြင်းတို့မှတစ်ဆင့် ၂၀၄၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့ကုန်သွယ်မှုပမာဏကို လက်ရှိ အခြေအနေထက် ၄၀ ရာခိုင်နှုန်းနီးပါးအထိ မြှင့်တင်နိုင်ခြေရှိသည်ဟု တွက်ချက်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အထူးသဖြင့် ဒစ်ဂျစ်တယ်နည်းဖြင့် ပေးပို့နိုင်သော ဝန်ဆောင်မှုကဏ္ဍ (ဥပမာ - အဝေးမှ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ) သည် ၄၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် ဖွံ့ဖြိုးတိုးတက်လာမှု

AI နှင့်ဆက်နွယ်သော ကုန်သွယ်မှုကို အဓိကဆောင်ရွက်သည့် ဒေသမှာ အာရှဒေသဖြစ်ပြီး၊ ကမ္ဘာ့ AI နှင့် ဆက်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးမှု၏ သုံးပုံနှစ်ပုံခန့်ရှိကြောင်း၊ တောင်ကိုရီယား၊ ဂျပန်နှင့် တရုတ် (တိုင်ပေ) တို့မှာ အဓိကဖြစ်ကြောင်း၊ ဗီယက်နမ်နှင့် ထိုင်းကဲ့သို့ အရှေ့တောင်အာရှနိုင်ငံ များ၏ အခန်းကဏ္ဍမှာလည်း ခိုင်မာလာကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်၌ အာရှတိုက်မှ ကုန်စည်တင်ပို့မှုဖွံ့ဖြိုးမှုနှုန်း ၁၀.၄ ရာခိုင်နှုန်းရှိခဲ့ကာ၊ ၎င်း၏နောက်တွင် အမေရိကတောင်ပိုင်း၊ အလယ်ပိုင်းနှင့် ကာရစ်ဘီယန်က ၇.၄ ရာခိုင်နှုန်း၊ အာဖရိကက ၆.၃ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းဒေသက ၃.၇ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း၊ တင်သွင်းမှု၌ တောင်အမေရိကက ၁၄.၇ ရာခိုင်နှုန်း၊ အာဖရိကက ၁၄.၇ ရာခိုင်နှုန်း၊ မြောက်အမေရိကက ၉.၄ ရာခိုင်နှုန်း၊ အာရှတိုက်က ၅.၈ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းက ၅.၁ ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ကြောင်း၊ သို့ရာတွင် မြောက်အမေရိကဘက်မှ တင်သွင်းမှုမှာ ပထမနှင့် ဒုတိယ လေးလပတ်အတွင်း ၁၃.၉ ရာခိုင်နှုန်း သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း၊ AI နှင့် ဆက်စပ်သော ကုန်ပစ္စည်းများမှာ အခြားကုန်စည်များနှင့် မတူဘဲ ပိုမိုတည်ငြိမ်သော အရှိန်အဟုန်ဖြင့် ဆက်လက်တိုးလာကာ သုံးလပတ် နှစ်ပတ်လုံးတွင် ကုန်သွယ်မှု ၀.၄ ရာခိုင်နှုန်းဝန်းကျင် တိုးလာကြောင်း၊ ၂၀၂၅ ခုနှစ် ကျန်နှစ်ဝက်တွင် AI နှင့် ဆက်စပ်သော ကုန်သွယ်မှု အရှိန်အဟုန်မှာ အမေရိကန်ပြည်ထောင်စုထက် ကျော်လွန်လာ ကြောင်း၊ အခြားနိုင်ငံများသည်လည်း ကမ္ဘာလုံးဆိုင်ရာ AI နှင့်ပတ်သက်သော ကုန်သွယ်မှု တိုးတက်မှု၏ ၄၀ ရာခိုင်နှုန်းနီးပါး ပါဝင်နေပြီး အာရှတိုက်မှ ရောင်းချသူများနှင့် ထွန်းသစ်စ ဈေးကွက်များမှာ ပိုမိုထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြကြောင်း၊ AI နှင့် ဆက်စပ်သော ကုန်သွယ်ရေးချဲ့ထွင်မှုမှာ ကုန်သွယ်မှုမူဝါဒဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကြောင့်မဟုတ်ဘဲ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ တည်ဆောက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ ကျယ်ပြန့်သော ဖွဲ့စည်းတည်ဆောက်ပုံ လှိုင်းကို ကိုယ်စားပြုလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ "AI ၏ အကျိုးကျေးဇူးများကို ကမ္ဘာအနှံ့မျှဝေခံစားနိုင်ရေးသည် မူဝါဒချမှတ်သူများ၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေသည်" ဟု အစီရင်ခံစာက ဖော်ပြထားပါသည်။

ရင်းမြစ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့