ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု တားမြစ်ချက်ကြောင့် ဗီယက်နမ်နှင့်ထိုင်း ဆန်တင်ပို့မှုများကို ထိခိုက်နိုင်
ဖိလစ်ပိုင်က ဆန်တင်သွင်းမှုများကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ အောက်တိုဘာ ၃၀ ရက်နေ့အထိ နှစ်လကြာရွှေ့ဆိုင်းမည့် ဆုံးဖြတ်ချက်အပေါ် တန်ပြန်ဆောင်ရွက်ရန် ဗီယက်နမ် စားသောက်ကုန်အသင်းမှ ဗီယက်နမ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တောင်းဆိုလိုက်ပါသည်။
ရိတ်သိမ်းချိန်အတွင်း ဈေးပေါသော ဆန်သွင်းကုန်များကြောင့် ကောက်ပဲသီးနှံဈေးနှုန်း ကျဆင်းကာ ဖိလစ်ပိုင်လယ်သမားများ၏ နစ်နာမှုကို ကာကွယ်ရန် ယခုဆုံးဖြတ်ချက်သည် ဗီယက်နမ်နှင့် ထိုင်းတို့အား ကြီးမားသော သက်ရောက်မှုရှိကြောင်း၊ ဖိလစ်ပိုင်သည် ဗီယက်နမ်၏ အကြီးဆုံး ဆန်ဝယ်လက်ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ဆန်တန်ချိန် ၂.၄၄ သန်း (ဗီယက်နမ် စုစုပေါင်း ဆန်တင်ပို့မှု၏ ၄၄.၃%) နှင့် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ် စုစုပေါင်း ဆန်တင်ပို့မှု၏ ၄၆.၇ % ဝယ်ယူခဲ့ကြောင်း၊ ဖိလစ်ပိုင် ဆန်ထုတ်လုပ်မှုသည် ရေကြီးမှုနှင့် မုန်တိုင်းအန္တရာယ်များပေါ် မူတည်နေသောကြောင့် ယခုနှစ် အစောပိုင်းက နှစ်နိုင်ငံကြား ဆန်ရောင်းဝယ်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
ဖိလစ်ပိုင်အနေဖြင့် ဆန်ပေါများစွာ ထုတ်လုပ်နိုင်သည့်ကာလကျမှ ယခုကဲ့သို့ ဆန်တင်သွင်းမှု ရွှေ့ဆိုင်းခြင်းသည် ဗီယက်နမ်ဆန်ပို့ကုန်ဈေးအပေါ် ဖိအားများဖြစ်စေကြောင်း ဗီယက်နမ်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
မနီလာအခြေစိုက် ထိုင်းစီးပွားရေးသံရုံး၏ အဆိုအရ တင်သွင်းမှု ဆိုင်းငံ့ထားသော ဆန်အမျိုးအစားထဲတွင် ရိုးရိုးကြိတ်ခွဲဆန်နှင့် အထူးကြိတ်ခွဲဆန်များသာ ပါဝင်ပြီး ဘက်စမာတီဆန်နှင့် အခြား အထူးဆန်အမျိုးအစားများ မပါကြောင်း၊ ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုတားမြစ်ချက်ကြောင့် နစ်နာသွားသော ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအတွက် ဈေးကွက်အသစ်များ ရှာဖွေနေကြောင်းသိရှိရပါသည်။ လေ့လာသူများက ဆန်သွင်းကုန်လျှော့ချမှုကြောင့် ဖိလစ်ပိုင်ပြည်တွင်း ကောက်ပဲသီးနှံ ဈေးတက်ကာ လက်လီဆန်ဈေးနှုန်းများလည်း တစ်ကီလိုဂရမ်လျှင် ၁ ပီဆို မှ ၂ ပီဆို ကြား တက်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ထိုင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုဌာန၏ ညွှန်ကြားရေးမှူးချုပ်က ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု ရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်ကြောင့် ထိုင်းဆန်တင်ပို့မှုကို ထိခိုက်ခဲ့ကြောင်းကို လုပ်ငန်းရှင်များက အစီရင်ခံတင်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်လုပ်ငန်းရှင်များက စက်တင်ဘာလ ၁ ရက်နေ့မတိုင်မီ တင်ပို့နိုင်ခြင်း မရှိသော ဆန်အမှာစာများရှိသည့် အခြားနိုင်ငံများလည်း အကျိုးသက်ရောက်မည်ဖြစ်ကြောင်း၊ စာချုပ်ချုပ်ခဲ့သော ပမာဏအတိုင်း ဆန်တင်ပို့ခွင့် သို့မဟုတ် ယခုပိတ်ပင်မှုကို ဖယ်ရှားပေးရန် သက်ဆိုင်ရာအာဏာပိုင်များထံ တင်ပြနိုင်ရေး ဆွေးနွေးနေကြောင်း သိရှိရပါသည်။
ထိုင်း၊ နိုင်ငံခြားကုန်သွယ်ရေးဌာနသည် ထိုင်းဆန်တင်ပို့မှုများကို ပံ့ပိုးရန်၊ ပြည်တွင်း ဆန်ထုတ်လုပ်မှုအတွက် အမှာစာများ ရရှိရန်နှင့် လယ်သမားများ ဝင်ငွေများရရှိရန် နည်းလမ်းများ ရှာဖွေနေပြီး ဈေးကွက်အသစ်ရှာဖွေခြင်းနှင့် ကုန်သွယ်ဆက်ဆံမှု တိုးမြင့်ခြင်းမှတဆင့် ထိုင်းပို့ကုန်များ တိုးမြှင့်ရန် ဆောင်ရွက်နေပါသည်။ အဓိကနည်းလမ်းများတွင် အစိုးရအချင်းချင်း (G2G) ဆန်ရောင်းဝယ်ရေး သဘောတူညီချက်များ အရှိန်မြှင့်တင်ဆောင်ရွက်ခြင်း (ဥပမာ တရုတ် အစိုးရပိုင် အစားအသောက် နှင့် စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်းအဖွဲ့ (COFCO) နှင့် စာချုပ်အရ တင်ပို့ကျန်ရှိနေသည့် ဆန် တန်ချိန် ၂၈၀,၀၀၀ အားတင်ပို့ခြင်း)၊ ဆန်ဖြူနှင့် ပြုတ်ဆန်ဝယ်လိုအားများသော ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျနှင့် အီရတ်တို့အား တိုးမြှင့်တင်ပို့ခြင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက်အတွင်း ဂျပန်သို့ ကုန်သွယ်ရေးအဖွဲ့များစေလွှတ်ခြင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဟောင်ကောင် ဆန်တင်သွင်းသူများအား ထိုင်းသို့ဖိတ်ခေါ်ခြင်း၊ ထိုင်းဆန်အမှတ်တံဆိပ်များကို နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်း၊ ထိုင်းဆန်စပါးညီလာခံကို ကျင်းပခြင်းတို့လည်း ပါဝင်ပါသည်။
ထိုင်းနိုင်ငံသည် ဖိလစ်ပိုင်သို့ ၂၀၂၄ ခုနှစ်အတွင်း ဆန် အမေရိကန်ဒေါ်လာ ၃၃၃ သန်း တန်ဖိုး တင်ပို့ခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် (ဇန်နဝါရီလ မှ ဇွန်လ) အတွင်း ဆန်တန်ချိန် ၁၄၁,၀၀၀ ခန့် (စုစုပေါင်းဆန်တင်ပို့မှု၏ ၃.၇၈ %) တင်ပို့ခဲ့ကာ ယခုနှစ်တွင် ထိုင်းဆန်တင်ပို့မှု စုစုပေါင်းတန်ချိန် ၇.၅ သန်းအထိ ရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း ထိုင်း၊ နိုင်ငံခြားကုန်သွယ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ https://www.thestar.com / https://sme.asia