နီပေါနိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်ကို လက်ခံခဲ့ပြီး အဆိုပါသဘောတူညီချက်အသက်ဝင်ရန် ၃ နိုင်ငံသာ လိုအပ်

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်အား နီပေါနိုင်ငံက လက်ခံကြောင်း အကြောင်းကြားစာကို WTO ဆိုင်ရာ နီပေါသံအမတ်ကြီး Ram Prasad Subedi မှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ပေးအပ်ခဲ့ပြီး အဆိုပါသဘောတူညီချက် အသက်ဝင်ရန် နောက်ထပ် ၃ နိုင်ငံသာ လိုအပ်ပါတော့သည်။ 

ညွှန်ကြားရေးမှူးချုပ်က သမုဒ္ဒရာများ သက်တမ်းရှည်ရေး စုပေါင်းအားဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အန္တရာယ်ရှိသော ငါးဖမ်းလုပ်ငန်းအား ထောက်ပံ့ပေးမှုများကို တားဆီးခြင်းက အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ နီပေါအနေဖြင့် ကုန်းတွင်းပိတ်၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်သော်လည်း ဦးဆောင်ပါဝင်ခဲ့သောကြောင့် ကျေးဇူးတင်ကြောင်း၊ နီပေါ၏ အတည်ပြုချက်ဖြင့် ငါးလုပ်ငန်းအပေါ် ထောက်ပံ့ကူညီမှုဆိုင်ရာ သဘောတူညီချက်ကို အသက်ဝင်စေမည့် နယ်ခြားမျဉ်းကို ဖြတ်ကျော်ရန် ပို၍နီးကပ်လာကြောင်း၊ နောက်ထပ် သုံးနိုင်ငံသာလိုတော့ကြောင်း ပြောကြားခဲ့ပါသည်။

WTO ဆိုင်ရာ နီပေါသံအမတ်ကြီး Subedi က ယခုကဲ့သို့ ငါးလုပ်ငန်းအပေါ် ထောက်ပံ့ကူညီမှုဆိုင်ရာ သဘောတူညီချက်ကို လက်ခံကြောင်း တင်ပြနိုင်မှုအပေါ် ဝမ်းမြောက်ကြောင်းနှင့် နီပေါ၏ နိုင်ငံစုံ ကုန်သွယ်မှုကတိကဝတ်ကို ထပ်မံသေချာစေခဲ့ပါကြောင်း၊ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်လည်း အခြား WTO အဖွဲ့ဝင်များနှင့်အတူ အဏ္ဏဝါအရင်းအမြစ်များကို ရေရှည်အသုံးပြုရန် တာဝန်ရှိကြောင်း၊ စားနပ်ရိက္ခာဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းအတွက် အဏ္ဏဝါဂေဟစနစ်များ ကောင်းမွန်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ 

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၂ ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ၌ တူညီဆန္ဒဖြင့် သဘောတူညီခဲ့သည့် ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာတစ်ဝန်း ငါးလျော့နည်းလာစေသည့် အထောက်အပံ့များမပေးရေးအတွက် ကဏ္ဍစုံစည်းမျဉ်းသစ်များ ပြဋ္ဌာန်းထားပါသည်။ အဆိုပါ သဘောတူညီချက်တွင် တရားမဝင်၊ စာရင်းမှတ်ထားခြင်းမရှိ၊ ဥပဒေအရထိန်းကျောင်းခြင်းမရှိသည့် ငါးဖမ်းခြင်းများ (illegal, unreported and unregulated - IUU) အတွက် အထောက်အပံ့များကို တားမြစ်ခြင်း၊ ငါးလျော့နည်းလာစေသည့် အလွန်အကျွံငါးဖမ်းမှုကို တားမြစ်ခြင်းနှင့် ကမ်းဝေးပင်လယ်ပြင်တွင် စည်းကမ်းလိုက်နာမှုမရှိသောငါးဖမ်းခြင်းအတွက် အထောက်အပံ့များကို အဆုံးသတ်စေခြင်းတို့ပါဝင်သည်။ 

ထို့အပြင် အဆိုပါသဘောတူညီချက်၏ တာဝန်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ လိုအပ်ချက်များကို အသိအမှတ်ပြု၍ နည်းပညာဆိုင်ရာ အကူအညီထောက်ပံ့ပေးရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်ထားပါသည်။

အဆိုပါရန်ပုံငွေ (Fish Fund) က သဘောတူညီချက်ကို လက်ခံထားသောဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဖွဲ့ဝင်များအား သဘောတူညီချက်အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည့် စီမံကိန်းများအဆိုပြုရန် ဇွန် ၆ ရက်နေ့က ဖိတ်ခေါ်ခဲ့ပါသည်။ လက်ရှိသဘောတူညီချက်ကို အဆင့်မြှင့်တင်ရေးအတွက် ပြင်ဆင်ပြဋ္ဌာန်းလိုသည့် အချက်များရရှိနိုင်ရေး အဖွဲ့ဝင်နိုင်ငံများက ဆက်လက်ညှိနှိုင်းလျက်ရှိပါသည်။

ရင်းမြစ်။        www.wto.org