ဗီယက်နမ် - အမေရိကန် B2B အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးပလက်ဖောင်း ပထမဆုံး စတင်မိတ်ဆက်

 

ဗီယက်နမ် - အမေရိကန် B2B အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးပလက်ဖောင်း ပထမဆုံး ဖြစ်သော Vietnam USA.Arobid.com ကို အမေရိကန်ဈေးကွက်သို့ ဗီယက်နမ်လုပ်ငန်းများ ဝင်ရောက်ရန်နှင့် ဒစ်ဂျစ်တယ်ပို့ကုန်များ (digital exports) တိုးမြှင့်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ဟိုချီမင်းမြို့၌ စတင်မိတ်ဆက်ခဲ့ပါသည်။ 

အဆိုပါ ပလက်ဖောင်းသည် ကုန်သွယ်မှုအကာအကွယ်ပေးရေးမူဝါဒများ ပြန်လည်မြင့်တက်လာချိန်၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ တိုးလာချိန်နှင့် အမေရိကန်ဈေးကွက်၏ ပွင်လင်းမြင်သာမှု၊ ထုတ်ကုန်အရင်းအမြစ် ခြေရာခံနိုင်မှုနှင့် ရေရှည်တည်တံ့ရေး စံချိန်စံညွှန်းများ တင်းကြပ်လာချိန်တွင် အချိန်ကိုက်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ဗီယက်နမ်၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Vu Ba Phu က အမေရိကန်သည် လက်ရှိတွင် ဗီယက်နမ်၏ အဓိကပို့ကုန်ဈေးကွက်နှင့် ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ခဲ့သည့် ၁၉၉၅ ခုနှစ်မှစ၍ ပို့ကုန်ဝင်ငွေ တိုးတက်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် အဆ ၃၀၀၊ အမေရိကန်ဒေါ်လာ ၁၃၂ ဘီလီယံအထိ တိုးတက်ခဲ့ကြောင်း၊ လက်ရှိကမ္ဘာ့ကုန်သွယ်ရေး အခြေအနေများမတည်ငြိမ်ချိန်တွင် အမေရိကန်က ဗီယက်နမ်ထုတ်ကုန်အချို့အား အကောက်ခွန် ၂၀% ကောက်ခံထားရာ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပွင့်လင်းမြင်သာပြီး ထိရောက်ကာ ရှေးရိုးသယ်ယူဖြန့်ဖြူးရေးစနစ်များကို မမှီခိုသည့် ကုန်သွယ်ရေးနည်းလမ်းအသစ်များ ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ယခု ပလက်ဖောင်းသည် နည်းပညာအရ အဖြေတစ်ခုမျှသာမဟုတ်ဘဲ ကမ္ဘာစီးပွားရေး အခြေအနေသစ်တွင် ဗီယက်နမ်လုပ်ငန်းများ၏ တက်ကြွသောခြေလှမ်းတစ်ခုလည်းဖြစ်ကြောင်း၊ ဗီယက်နမ်၊ အမျိုးသား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးမဟာဗျူဟာနှင့် ကိုက်ညီပြီး အစိုးရ၏ ရေရှည်တည်တံ့သော ပို့ကုန်ဖြစ်ရေး တွန်းအားဖြစ်ကြောင်း ပြောကြားခဲ့သည်။

VietnamUSA.Arobid.com ၏ ဗီယက်နမ်ဘက်မှ ကုမ္ပဏီဖြစ်သော Arobid ၏ ဥက္ကဋ္ဌ Tran Van Chin က ဗီယက်နမ်တွင် အရည်အသွေးပြည့်မီသော ထုတ်ကုန်များရှိသော်လည်း    ကမ္ဘာ့စျေးကွက်သို့ ဝင်ရောက်နိုင်ရန် စံချိန်စံညွှန်းပြည့်ဝသည့် ထောက်ပံ့မှုစနစ်များ မရှိကြောင်း၊ ယခုပလက်ဖောင်းမှ အဓိကပြနာ ၃ ရပ်ဖြစ်သော ဒစ်ဂျစ်တယ်နည်းပညာ၊ ငွေကြေးအရင်းအနှီးနှင့် ပတ်ဝန်းကျင်၊ လူမှုဘဝနှင့် အုပ်ချုပ်ရေး (Environmet, Social and Governance- ESG) စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခြင်းတို့ကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း အမေရိကနှင့် စင်ကာပူရှိ ထောက်ပံ့ပို့ဆောင်ရေးမိတ်ဖက်များနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး သင်္ဘောတင်မှုအခြေအနေကို ခြေရာခံပြီး ပို့ဆောင်ချိန်နှင့် ကုန်ကျစရိတ်များ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        https://en.vietnamplus.vn/first-vietnamus-b2