အမေရိကန်နှင့် ရုရှားတို့ ယူကရိန်းကိစ္စဆွေးနွေးနေသောကြောင့် ရေနံဈေးကျ
အမေရိကန်မှ ကုန်သွယ်ဖက်များအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံမှု၊ OPEC၏ ရေနံတိုးမြှင့်ထုတ်လုပ်မှုနှင့် ယူကရိန်းနှင့်ပတ်သက်၍ အမေရိကန်နှင့် ရုရုားအကြား သဘောတူညီမှုရရန် မျှော်လင့်ချက်များကြောင့် ပြီးခဲ့သည့်အပတ်ကတည်းက ဈေးကျနေသော အာရှရေနံစျေးနှုန်းသည် တနင်္လာနေ့ အစောပိုင်းတွင် ၄ % ကျော် ကျဆင်းခဲ့ပါသည်။
Brent စံချိန် ရေနံစိမ်းရှယ်ယာဈေးသည် ၅၂ ဆင့် သို့မဟုတ် ၀.၇၈ % ကျဆင်းပြီး ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၆.၀၇ သို့ ရောက်ရှိခဲ့ကာ အမေရိကန်၊ West Texas စံချိန် ရေနံစိမ်းရှယ်ယာဈေးမှာ ၅၈ ဆင့် သို့မဟုတ် အမေရိကန်ဒေါ်လာ ၆၃.၃၀ သို့ ကျဆင်းခဲ့ပါသည်။
ထရမ့်က သြဂုတ် ၁၅ ရက်နေ့တွင် သမ္မတပူတင်နှင့် အလက်စကာမြို့၌ တွေ့ဆုံကာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးညှိနှိုင်းပေးမည်ဟု ကြေညာခဲ့အပြီး နိုင်ငံတကာဈေးကွက်တွင် ရုရှားလောင်စာဆီ ရောင်းချမှုကိုပိတ်ပင်ထားမှုများ အဆုံးသတ်ရန် ပိုမိုမျှော်လင့်လာကြကြောင်း၊ အကယ်၍ ရုရှားအနေဖြင့် ငြိမ်းချမ်းရေးကိုလက်မခံပါက ၎င်းထံမှ လောင်စာဆီဝယ်ယူသူများအနေဖြင့် ဆင့်ပွားပိတ်ဆို့မှု (secondary sanction) ကိုတွေ့ကြုံရမည်ဖြစ်ကြောင်း သတိပေးခဲ့ပြီး အိန္ဒိယကိုလည်း ရုရှားမှ လောင်စာဆီဝယ်ယူမှုကိုလျှော့ချရန် သတိပေးခဲ့ပါသည်။
အမေရိကန်-ရုရှား ဆွေးနွေးပွဲများတွင် အမေရိကန် ငွေကြေးဖောင်းပွမှုလည်းပါဝင်ပြီး မျှော်လင့်ထားသည်ထက် ကျဆင်းနေသော ဈေးနှုန်းညွှန်းကိန်း (Consumer Price Index - CPI) အတွက် ဗဟိုဘဏ်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ရန် အတိုးနှုန်းဖြတ်တောက်ခြင်းနှင့် ရေနံစိမ်းဝယ်လိုအားမြှင့်တင်ခြင်းများ ဆောင်ရွက်ရန် ပိုမိုမျှော်လင့်နေကြောင်း သို့မဟုတ်ပါက စီးပွားရေးရပ်တန့်ခြင်း (Stagflation) ဖြစ်ကာဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချမှုကိုပင် ထိခိုက်နိုင်ကြောင်း၊ လေ့လာသုံးသပ်သူများက ဆိုထားပါသည်။
ကြာသပတေးနေ့က စတင်အသက်ဝင်ခဲ့သည့် သမ္မတထရမ့်၏ နိုင်ငံအများအပြားမှ သွင်းကုန်များအပေါ် မြင့်မားသောအခွန်စည်းကြပ်မှုသည် ထောက်ပံ့ရေးကွင်းဆက်များပြောင်းလဲပြီး ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်စေသဖြင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေကာ စီးပွားရေးအလားအလာများ မတည်ငြိမ်တော့သောကြောင့် Brent စံချိန် ရေနံဈေးနှုန်းသည် ပြီးခဲ့သည့်အပတ်အတွင်း ၄.၄ % ကျဆင်းခဲ့ပြီး West Texas စံချိန် ရေနံဈေးနှုန်းမှာ ၅.၁ % ကျဆင်းသွားခဲ့ကြောင်းသိရှိရပါသည်။
ရင်းမြစ်။ www.channelnewsasia.com