အမေရိကန်နှင့် အကောက်ခွန်အသစ်အား ခေတ္တဆိုင်းငံ့ထားမှုကြောင့် တရုတ်၏ ၂၀၂၅ ခုနှစ်၊ ဇွန်လ ပို့ကုန် တိုးမြင့်
တရုတ်၏ ဇွန်လ၊ ပို့ကုန်သည် အမေရိကန်နှင့် အကောက်ခွန်သစ်အား ရက် ၉၀ ယာယီဆိုင်းငံ့မှုကြောင့် မျှော်မှန်းထားသည်ထက် မြင့်မားလာခဲ့ကြောင်း၊ မေလတွင် ပို့ကုန် ၄.၈ % တိုးမြင့်ခဲ့သော်လည်း ဇွန်လ၊ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၂၅.၂ ဘီလီယံဖြင့် ပြီးခဲ့သည့်နှစ်ကထက် ၅.၈ % ပိုမိုတင်ပို့ခဲ့ကြောင်း၊ သွင်းကုန်သည် မေလတွင် ၃.၄ % ကျဆင်းခဲ့သော်လည်း ဇွန်လတွင် ပြီးခဲ့သည့်နှစ်ကထက် ၁.၁% တိုးမြင့်ခဲ့ကြောင်း၊ ထို့ကြောင့် ဇွန်လအတွက် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၁၁၄.၈ ဘီလီယံနီးပါး မြင့်တက်လာခဲ့ကြောင်း South China Morning Post သတင်းစာက ဖော်ပြထားပါသည်။
အမေရိကန်နှင့် မခန့်မှန်းနိုင်သော ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားနေသော်လည်း ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း တရုတ်ပို့ကုန်သည် ၅.၉ %၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၈ ထရီလီယံအထိ တိုးတက်ခဲ့ပြီး သွင်းကုန်မှာ ၃.၉ %၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၂ ထရီလီယံ ကျော်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
တရုတ်၊ အထွေထွေအကောက်ခွန်ဌာန၊ ဒုတိယညွှန်ကြားရေးမှူး Wang Lingun က ကမ္ဘာတစ်ဝန်း အကာအကွယ်ပေးမှုများ မြင့်တက်လာချိန်တွင် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုက ခံနိုင်ရည်ရှိမှုကို ပြသခဲ့ကြောင်း၊ တရုတ်နှင့် အမေရိကန်တို့သည် လန်ဒန်သဘောတူညီချက် မူဘောင်အတိုင်း ဆောင်ရွက်နေကြောင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက မှန်ကန်သောလမ်းကို ရှေ့သို့ရောက်ရှိ မည်ဖြစ်ကြောင်း၊ တနင်္လာနေ့တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
တရုတ်နှင့်အမေရိကန်တို့၏ လန်ဒန်ညှိနှိုင်းဆွေးနွေးပွဲမှ ပို့ကုန်ထိန်းချုပ်မှုများ ဖြေလျှော့ရန် သဘောတူညီခဲ့ပြီး ရက် ၉၀ အကောက်ခွန်သစ် ယာယီဆိုင်းငံ့မှုကာလ ပြီးဆုံးမည့် သြဂုတ်လ အစောပိုင်းတွင် ဆွေးနွေးပွဲအသစ်ကို ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Howard Lutnick က ပြောကြားခဲ့ကြောင်း South China Morning Post သတင်းစာက ဖော်ပြထားပါသည်။
ရင်းမြစ်။ South China Morning Post