ဂျပန်ဒေသအချို့မှ ပင်လယ်စာများကို တရုတ် ပြန်လည်တင်သွင်း

 

ဂျပန်နိုင်ငံအနေဖြင့် ဖူကူရှီးမား နျူးကလီးယားစက်ရုံမှ ပြန်လည်ပြုပြင်ထားသော ရေဆိုးများကို ပင်လယ်သို့ စွန့်ထုတ်မည်ကို စိုးရိမ်သောကြောင့် ဂျပန်ဒေသအချို့မှ ပင်လယ်စာတင်သွင်းမှုကို ၂ နှစ် ကြာ ပိတ်ပင်ထားသော တရုတ်နိုင်ငံသည် ဂျပန်ပင်လယ်စာ ပြန်လည်တင်သွင်းနေပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ဖူကူရှီးမား၊ ဂန်းမား၊ တိုချီဂီ၊ အီဘာရာကီ၊ မီယာဂီ၊ နီဂါတ၊ နာဂါနို၊ စိုင်တာမာ၊ တိုကျိုနှင့် ချီဘား စသည့် မြို့နယ် ၁၀ ခုမှ ပင်လယ်စာထုတ်ကုန်များကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်မပြုပဲ ပိတ်ပင်ထားဆဲဖြစ်ကြောင်း တရုတ်အကောက်ခွန်ဦးစီးဌာနက ကြေညာခဲ့သည်။

အခြားဒေသများမှ ပင်လယ်စာများဖြစ်ပါက ဂျပန်အစိုးရမှထုတ်ပေးသော ကျန်းမာရေးထောက်ခံချက်၊ ရေဒီယိုသတ္တိကြွ ဓာတ်သတ္တုကင်းရှင်းကြောင်း ထောက်ခံချက်၊ ထုတ်လုပ်သည့်ဒေသ ထောက်ခံချက်တို့ တရုတ်အကောက်ခွန်ရှင်းလင်းရေးအတွက် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုဆုံးဖြတ်ချက်မှာ စွန့်ပစ်ရေဆိုးအပေါ် နိုင်ငံတကာနှင့် တရုတ်တို့မှ လွတ်လပ်စွာရေရှည်ဆောင်ရွက်ခဲ့သော နမူနာစမ်းသပ်ချက်များအရ ပုံမှန်အဖြေကို တွေ့ရှိပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အကောက်ခွန်အာဏာပိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

တရုတ်သည် ဂျပန်မှ ပင်လယ်စာတင်သွင်းမှုအားလုံးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှစ၍ ပိတ်ပင်ခဲ့ပြီး ယခု ပြန်လည်တင်သွင်းခွင့်ပြုရာတွင် တင်းကျပ်စွာဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းများနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးစံနှုန်းများကို ချိုးဖောက်ပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း CNN သတင်းဌာနကဖော်ပြထားပါသည်။

ရင်းမြစ်။        edition.cnn.com