အကောက်ခွန်စည်းကြပ်မှုများကြောင့် အမေရိကန်နှင့် တရုတ်သို့ သင်္ဘောတင်မှုများ ကျဆင်းကာ တောင်ကိုရီးယားပို့ကုန် ကျဆင်း
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဝါးလုံးသိမ်း အခွန်စည်းကြပ်မှုကြောင့် ကမ္ဘာ့ကုန်သွယ်မှု အခက်အခဲများဖြစ်ပေါ်ကာ အမေရိကန်နှင့် တရုတ်တို့သို့ သင်္ဘောတင်မှုများ ကျဆင်းပြီး တောင်ကိုရီးယားပို့ကုန်သည် ၂၀၂၅ ခုနှစ်၊ ၄ လ အတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ကြောင်း၊ အာရှ၏ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော တောင်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်ကာလတူ ပို့ကုန်တင်ပို့မှုထက် တန်ဖိုး ကန် ဒေါ်လာ ၅၇.၂၇ ဘီလီယံဖြင့် ၁.၃% ကျဆင်းခဲ့ကြောင်း အစိုးရက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယား၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး AhnDuk-geun က တောင်ကိုရီးယား၏ အကြီးမားဆုံး ဈေးကွက်နှစ်ခုဖြစ်သည့် အမေရိကန်နှင့်တရုတ်တို့သို့ ပို့ကုန်တင်ပို့မှု ကျဆင်းခဲ့ခြင်းသည် အမေရိကန်၏ အကောက်ခွန်နှုန်း ထားများကြောင့် ကမ္ဘာ့စီးပွားရေးသာမက မိမိတို့ ပို့ကုန်များပါ အကျိုးသက်ရောက်မှုရှိကြောင်း၊ တောင်ကိုရီးယား ပို့ကုန်ကျဆင်းမှုသည် ရောင်းအားကောင်းချစ်ပ်များအပေါ် ထရမ့်၏ အကောက်ခွန်ခြိမ်းခြောက်မှုကြောင့် ပြောင်းပြန်အကျိုးသက်ရောက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့်အမေရိကန်တို့သည် နှစ်ဖက် အပြန်အလှန် အကောက်ခွန်စည်းကြပ်ခြင်းနှင့် တုံ့ပြန်နည်းလမ်းများ ချမှတ်ပြီးနောက် မေလလယ်၊ ညှိနှိုင်းမှုများအရ ရက် ၉၀ ကြာ ခေတ္တဆိုင်းငံ့ထားရန် သဘောတူညီခဲ့ကြသော်လည်း ထရမ့်က ပေကျင်းသည် သဘောတူညီမှုများကို ချိုးဖောက်ခဲ့ကြောင်းနှင့် ပိုမိုပြင်းထန်သော အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သံမဏိနှင့် အလူမိနီယမ်အပေါ် အကောက်ခွန်ကို နှစ်ဆတိုးကာ ၅၀ % အထိကောက်ခံသွားမည်ဖြစ်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။
ထရမ့်၏ အပြန်အလှန် အကောက်ခွန်များတွင် တောင်ကိုရီးယားအပေါ် အကောက်ခွန် ၂၅ % လည်း ပါဝင်ပြီး ရက် ၉၀ ဆိုင်းငံ့ထားပါသည်။ မေလအတွင်း တောင်ကိုရီးယားမှ အမေရိကန်သို့ တင်ပို့မှုမှာ ၈. ၁ %၊ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၈.၄ % နှင့် အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့မှာ ၁.၃ % ကျဆင်းခဲ့ပြီး ဥရောပသမဂ္ဂသို့ တင်ပို့မှုမှာ ၄.၀ % နှင့် ထိုင်ဝမ်သို့ တင်ပို့မှုမှာ ၄၉.၆ % တိုးခဲ့ကြောင်း၊ လျှပ်ကူးပစ္စည်း တင်ပို့မှုမှာ ချစ်ပစ်တင်ပို့မှု တက်ခဲ့ခြင်းကြောင့် ၂၁.၂ % တက်ခဲ့ပြီး ကားတင်ပို့မှုမှာ ဂျော်ဂျီယာပြည်နယ် တွင် ဟွန်ဒိုင်းမော်တော်ကားစက်ရုံရှိသောကြောင့် ၄.၄ % ကျဆင်းခဲ့ကြောင်း၊ တောင်ကိုရီးယား သွင်းကုန်သည် တန်ဖိုး ကန်ဒေါ်လာ ၅၀.၃၃ ဘီလီယံဖြင့် ၅.၃% ကျဆင်းခဲ့ပြီး လစဉ်ကုန်သွယ်မှုရှင်းတမ်းအရ ပိုငွေ ကန်ဒေါ်လာ ၆.၉၄ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း အများဆုံးဖြစ်ကြောင်း ဝန်ကြီးဌာနမှ သိရသည်။
ရင်းမြစ်။ ရိုက်တာသတင်းဌာန