ဒီဂျစ်တယ်စီးပွားရေးမိတ်ဖက်သဘောတူစာချုပ် (DEPA) သို့ ဝင်ရောက်ရေး ဈေးကွက်ဖွင့်မှုများ ဆောင်ရွက်ရန် ကတိပြုလိုက်သည့် တရုတ်

 

တရုတ်နိုင်ငံသည် ဒီဂျစ်တယ်စီးပွားရေးမိတ်ဖက်သဘောတူစာချုပ် (DEPA) တွင် အဖွဲ့ဝင်ဖြစ်ရေး စေ့စပ်ညှိနှိုင်းမှုများ၌ တိုးတက်မှုများရရှိခဲ့ပြီး အဆင့်မြင့်နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှု စည်းမျဉ်းများကို လိုက်နာရန် ကတိကဝတ်ပြုခဲ့ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးကျွန်း၌ ကျင်းပခဲ့သည့် APEC ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

DEPA သို့ တရုတ်ဝင်ရောက်နိုင်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ချီလီ၊ နိုင်ငံခြားစီးပွားဆက်ဆံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော အစည်းအဝေးတွင် တရုတ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Li Chenggang က တရုတ်နိုင်ငံသည် လုပ်ငန်းအဖွဲ့ စတင်ဖွဲ့စည်းချိန်မှစ၍ လုပ်ငန်းအဆင့်တိုင်းတွင် အဖွဲ့ဝင်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သဘောတူညီချက်၏ အဆင့်မြင့်စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန် ဆန္ဒကို ပြသခဲ့ကြောင်း၊ DEPA သို့ တရုတ်ဝင်ရောက်ခြင်းဖြင့် အဖွဲ့ဝင်အားလုံးအတွက် ပိုမိုကြီးမားသော စျေးကွက်အခွင့်အလမ်းများကို ဖွင့်လှစ်ပေးမှာဖြစ်ပြီး သဘောတူညီချက် ရေရှည်တိုးတက်ရေးနှင့် ကမ္ဘာ့ဒီဂျစ်တယ်စီးပွားရေး စီမံခန့်ခွဲမှုအပေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုများ အရှိန်မြှင့်ရန်နှင့် ခိုင်မာသော ရလဒ်များထွက်ပေါ်စေရန် တရုတ်နိုင်ငံသည် DEPA အဖွဲ့ဝင်များနှင့် နည်းလမ်းသစ်များ ရှာဖွေ သွားမည်ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။

DEPA အဖွဲ့ဝင်နိုင်ငံများကလည်း တရုတ်၏ အဖွဲ့အဖြစ်ဝင်ရောက်ရေး လုပ်ငန်းစဉ်တိုးတက်မှုများကို ကြိုဆိုခဲ့ကြပြီး ဒီဂျစ်တယ်စီမံခန့်ခွဲမှုမူဘောင်ကို အပြန်အလှန် နားလည်မှု ပိုမိုနက်ရှိုင်းလာခြင်းနှင့် ညှိနှိုင်းမှုများရှေ့ဆက်ရေးအဆင့်တိုင်းမှပါဝင်ရေး အဆင်သင့်ဖြစ်နေကြောင်းတို့အပေါ် အသိအမှတ် ပြုခဲ့ကြပါသည်။

တရုတ်နိုင်ငံသည် DEPA ဝင်ရောက်နိုင်ရေး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် တရားဝင် လျှောက်ထားခဲ့ပြီး DEPA ပူးပေါင်းကော်မတီ၏ ဆုံးဖြတ်ချက်အရ DEPA ဝင်ရောက်ခွင့် လုပ်ငန်းအဖွဲ့ ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရှိရပါသည်။

ရင်းမြစ်။ Global Times