အာဆီယံ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) အား တိုးချဲ့ရန်နှင့် ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး ဘက်စုံတိုးတက်မှုသဘောတူညီချက် (CPTPP) တွင် အဖွဲ့ဝင်ဖြစ်ရေး အာဆီယံရှေးရှု
ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာကို ပိုမိုချဲ့ထွင်နိုင်ရေး အာဆီယံသည် ၎င်း၏ အဓိကကုန်သွယ်မှု သဘောတူညီချက်နှစ်ခုဖြစ်သည့် RCEP နှင့် CPTPP တို့တွင် အဖွဲ့ဝင်များ တိုးချဲ့နိုင်ရန် နည်းလမ်းများရှာဖွေလျက်ရှိပါသည်။
လက်ရှိတွင် ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့သည် CPTPP ၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပြီး အာဆီယံအဖွဲ့ဝင်များ CPTPP တွင် ပိုမိုပါဝင်ခြင်း ဖြင့် ကမ္ဘာ့ကုန်သွယ်ရေးမူဘောင်များမှ အကျိုးကျေးဇူးများ မျှတစွာရစေရန် ဖိတ်ခေါ်လျက်ရှိရာ ဒေသတွင်းတွန်းအားပေး ဆောင်ရွက်မှုကို ထင်ဟပ်စေပါသည်။
တောင်ကိုရီးယားနိုင်ငံ Jeju မြို့တွင် ပြုလုပ်ခဲ့သည့် ၃၁ ကြိမ်မြောက် အာရှ - ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေး၌ အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် မလေးရှား၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Tengku Datuk Seri Zafrul Abdul Aziz က အာဆီယံနိုင်ငံရေးဆိုင်ရာအစည်းအဝေး (Caucus) ကို တပြိုင်နက်တည်း ဦးဆောင်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် RCEP နှင့် CPTPP ၌ အဖွဲ့ဝင်များတိုးချဲ့ရန် ဆွေးနွေးခဲ့ကြောင်း ပြည်တွင်းမီဒီယာသို့ ပြောကြားခဲ့ပါသည်။
မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ ဝန်ကြီးက အမေရိကန်၏ အကောက်ခွန်အသစ်များကြောင့် အာဆီယံဒေသတွင်းကုန်သွယ်မှုနှင့် ၎င်း၏ အဓိကကုန်သွယ်ဘက်များအပေါ် အကျိုးသက်ရောက်မှုရှိခဲ့ကာ အထူးသဖြင့်ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်နှင့် ဆက်စပ်သော စက်မှုလုပ်ငန်းများအပေါ် အကျိုးသက်ရောက်ခဲ့ကြောင်း၊ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံမူဝါဒကို ဆက်လက်ထောက်ခံရမည်ဖြစ်ကြောင်း၊ တစ်ဖက်သတ် ကုန်သွယ်မှုဆိုင်ရာလုပ်ရပ်များကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဝန်ကြီးက အာဆီယံဒေသတွင်းဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့် အထူးညှိနှိုင်းအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း၊ အာဆီယံ - တရုတ် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံ - ဂျပန် စီးပွားရေးဝန်ကြီးများ၏ အထူးညှိနှိုင်းအစည်းအဝေးကို မေလ ၂၀ ရက်နေ့၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ကမ္ဘာ့အကောက်ခွန်ကိစ္စရပ်များအပေါ် စည်းလုံးညီညွတ်စွာ ရပ်တည်သွားရန်နှင့် မလေးရှားနိုင်ငံအနေနှင့် ယခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ်အတွင်း ပိုမိုနက်ရှိုင်းသော အာဆီယံဒေသတွင်း ပေါင်းစည်းနိုင်ရေးအတွက် အဓိပ္ပါယ်ရှိသည့် နှစ်တစ်နှစ်ဖြစ်အောင် ပြုလုပ်ရန် ကတိကဝတ်ပြုထားကြောင်းပြောကြားခဲ့ပါသည်။
ရင်းမြစ်။ https://www.businesstoday.com.