တရုတ် E-commerce ပလက်ဖောင်းများဖြစ်သော Shein နှင့် Temu တို့က အမေရိကန်၏ အကောက်ခွန်ဖြေလျှော့ချမှုအပေါ် ယာယီတုံ့ပြန်မည့်နည်းလမ်းများ ရှာဖွေ

 

အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှု ခေတ္တရပ်ဆိုင်းခြင်းက တရုတ် E-commerce ပလက်ဖောင်းများဖြစ်သော Shein နှင့် Temu တို့၏ အမေရိကန်အခြေစိုက် ကုန်လှောင်ရုံများကို ပြန်လည်ကုန်ဖြည့်ရန်နှင့် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှုကို ပြန်လည်အကဲဖြတ်ရန် ယာယီအခွင့်အရေးတစ်ခု ရရှိခဲ့ပါသည်။  

နှစ်နိုင်ငံကြား သဘောတူညီခဲ့သည့် အနည်းဆုံးအကောက်ခွန်စည်းမျဉ်း (de minimis) အရ တရုတ်မှ အမေရိကန်သို့ တင်သွင်းသော တန်ဖိုးနည်းကုန်များကို မူလအကောက်ခွန် ၁၂၀ % မှ ၅၄ % သာကောက်ခံရန်နှင့် အဆိုပါစည်းမျဉ်းကို မေလ ၁၄ ရက်မှ စတင်ပြီး ရက်ပေါင်း ၉၀ ရက်အတွင်း ကျင့်သုံးရန်ဖြစ်ပါသည်။ ယခင် အကောက်ခွန်နှုန်းများကြောင့် Shein ၏ အမေရိကန်ဖောက်သည်များအတွက် စျေးနှုန်းများ မြင့်တက်စေခဲ့သလို Temu ကလည်း တရုတ်မှ တိုက်ရိုက်သင်္ဘောတင်မှုများကို လုံးဝရပ်ဆိုင်းလိုက်ရသဖြင့် အမေရိကန်မှ ကုန်အမှာစာများအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။ 

သို့သော် မကြာသေးမီက အကောက်ခွန်လျှော့ချမှုကြောင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတင်ပို့မှုများကို တိုးမြှင့်နိုင်ခဲ့ပြီး ဂိုဒေါင်များကို ပြန်လည်ဖြည့်တင်းရန်နှင့် ကုန်အမှာစာများ ပြည့်မီစေရန်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်စေခဲ့ကြောင်း ထောက်ပံ့ရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။ ထို့ပြင် Coresight Research ၏ သုတေသနဌာန အကြီးအကဲတစ်ဦးက အကောက်ခွန်လျှော့ချမှုကြောင့် အမေရိကန်သို့ Temu နှင့် Shein မှ တင်သွင်းမှုသည် ရေတိုကာလအတွင်း တိုးမြှင့်နိုင်ကြောင်းနှင့် ကုမ္ပဏီများအနေဖြင့် ရေရှည်ဗျူဟာများကို ပြန်လည်ဆန်းစစ်ရန်လိုကြောင်း ပြောဆိုခဲ့သည်။ ဟောင်ကောင်ရှိ Temu ၏ ကုန်စည်ဖြန့်ဖြူးရေးနှင့် လုပ်ငန်းလည်ပတ်မှုတွင် ပါဝင်ခဲ့ဖူးသူ Jason Wong က Temu သည် "de minimis" အခွန်ကင်းလွတ်ခွင့်သက်တမ်း ကုန်ဆုံးပြီးနောက် တရုတ်မှ ကုန်စည်တင်ပို့မှုကို ယာယီရပ်ဆိုင်းထားကာ အမေရိကန်ရှိ လက်ကျန်ပစ္စည်းများဖြင့်သာ အမှာစာများကို ဖြည့်ဆည်းပေးနေကြောင်း၊ နောက်ဆုံး အခွန်နှုန်းများအရ အမေရိကန်သို့ ၃၀ % အခွန်နှုန်းဖြင့်သာ ကုန်ပစ္စည်းများကို ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

"de minimis" စည်းမျဉ်းအောက်မှ တန်ဖိုးနည်းပါးသည့် ပစ္စည်းများအား အကောက်ခွန် ကောက်ခံရေးမှာ ရှုပ်ထွေးနေဆဲပင်ဖြစ်ပြီး တနင်္လာနေ့တွင် အိမ်ဖြူတော်မှ ထုတ်ပြန်လိုက်သည့် အမိန့်ကြော်ငြာစာအရ နောက်ဆုံးမူဝါဒအသစ်တွင် စာတိုက်မှပို့ဆောင်သော ပစ္စည်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျသင့်မည့်စနစ်ကို ဆက်လက်ထိန်းသိမ်းထားပြီး ဇွန်လမှစတင်၍ ၂၀၀ ဒေါ်လာ ကောက်ခံမည့် မူလအစီအစဉ်ကို ရုပ်သိမ်းလိုက်ပါသည်။ 

Temu အနေဖြင့် တရုတ်မှ အမေရိကန်သို့ တန်ဖိုးနည်း ကုန်ပစ္စည်းများ ပြန်လည်ပို့ဆောင်နိုင်ရန် အကောက်ခွန်နှုန်ထားများ ပိုမိုလျှော့ချရန်လိုပြီး တဖြည်းဖြည်းနှင့် ဖြေလျှော့နိုင်မည်ဟု မျှော်လင့်ကြောင်း Wong က ပြောဆိုခဲ့ပါသည်။ "de minimis" ကင်းလွတ်ခွင့် စည်းမျဉ်း အပြောင်းအလဲကို စိုးရိမ်လျက် Shein က ထုတ်လုပ်ရေးလုပ်ငန်းများအား တူရကီ၊ မက္ကဆီကို နှင့် ဘရာဇီး၊ ဗီယက်နမ်နိုင်ငံများတွင် ပြောင်းရွှေ့ထုတ်လုပ်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။

မေလ ၂ ရက်နေ့၊ ထရမ့်၏ "de minimis" ကင်းလွတ်ခွင့်မူဝါဒကို ရပ်ဆိုင်းလိုက်ခြင်းက ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့် တရားမဝင် Fentanyl ဆေးဝါးကုန်သွယ်မှုကို ထိခိုက်စေခဲ့သော်လည်း ပမာဏနည်းပါးသော ပစ္စည်းပို့ဆောင်များအတွက် အကောက်ခွန်ကင်းလွတ်မှု (small package exemption) က Temu   နှင့် Shein တို့အား တရုတ်မှ စျေးနှုန်းချိုသာစွာဖြင့် တိုက်ရိုက်ပို့ဆောင်သော ကုန်ပစ္စည်းများကို ရောင်းချနိုင်ရန် အထောက်အကူဖြစ်စေခဲ့သည်။ 

Amazon ကဲ့သို့ ပြိုင်ဘက်အမေရိကန်ပလပ်ဖောင်းများတွင် ​ကြားလူ (third party) မှ တရုတ်ထုတ်ကုန်များကို ရောင်းချနေကြပြီး၊ ရက်ပေါင်း ၉၀ အတွင်း၌ တရုတ်မှ အမေရိကန်သို့ ကုန်ပစ္စည်းပို့ဆောင်မှုများ ပိုမိုတိုးလာမည်ဟု မျှော်လင့်ထားကြောင်း၊ ကုမ္ပဏီတိုင်းက ရနိုင်သမျှ စောစော ကုန်ပစ္စည်းများကို အမေရိကန်သို့ တင်ပို့ရန် ကြိုးပမ်းနေကြကြောင်း၊ မိမိတို့မှာ တလှေထဲစီး၊ ခရီးသွားများဖြစ်ကြောင်းဟု ရှန်ဟိုင်းအခြေစိုက် အကြံပေးကုမ္ပဏီ Tidalwave Solution ၏ အကြီးတန်းတွဲဖက်ဖြစ်သူ Cameron Johnson က ပြောကြားခဲ့ပါသည်။ 

ရင်းမြစ်။        https://www.cnbc.com/2025/05/13/shein-temu-find-temporary-reprieve-as-us-relaxes-tariffs.html