ဘင်္ဂလားဒေ့ရှ် - ဂျပန် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လျင်မြန်စွာ အကောင်အထည်ဖော်ရန်ကြိုးပမ်း

 

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပနေသော ကမ္ဘာ့ကုန်စည်ပြပွဲ - ၂၀၂၅ (World Expo 2025) ရှိ ဂျပန်ပြခန်းမဆောင်၌ ဂျပန်စီးပွားရေး၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်၊ ကူးသန်းရောင်းဝယ်ရေး၊ အထည်အလိပ်နှင့် ဂုံလျှော်၊ လေကြောင်းပို့ဆောင်ရေး၊ ကမ္ဘာလှည့်ခရီးသွား ကဏ္ဍများဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့က ဦးဆောင်၍ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (EPA) ကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်  ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲ၌ ဂျပန်ဒုတိယဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နှင့် စီးပွားရေးဆက်ဆံမှု အားကောင်းစေရန် ဂျပန်အစိုးရ၏ ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပြီး EPA အမြန်အကောင်အထည်ဖော်နိုင်ရန် ကျန်ရှိနေသေးသော ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးမှုများ၊ ထိရောက်သောလုပ်ဆောင်ချက်များဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးအကြံပေးပုဂ္ဂိုလ်က ပဉ္စမအကြိမ်သို့ ရောက်ရှိပြီဖြစ်သောEPA ညှိနှိုင်းဆွေးနွေးမှုများက ဂျပန်-ဘင်္ဂလားဒေ့ရှ် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းလိုသော ဘင်္ဂလားဒေ့ရှ်၏ စိတ်အားထက်သန်မှုကို ဖော်ပြလျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဓာတ်မြေသြဇာထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်နိုင်ငံ၏ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းအားဖော်ပြလျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။

နှစ်ဖက်စလုံးက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးမြှင့်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးတို့ကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ဘင်္ဂလားဒေ့ရှ်၊ အကြံပေးပုဂ္ဂိုလ်က ဂျပန်အလုပ်သမားဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အသက် ၁၆နှစ်မှ ၃၀ ကြားရှိ ဘင်္ဂလားဒေ့ရှ် လူငယ်များအား သင်တန်းများပေးနေကြောင်း၊ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းများ၌ ဂျပန်ဘာသာစကားသင်တန်းများကို သင်ကြားနေပြီး အဆိုပါကျောင်းများ၌ နိုင်ငံတကာအဆင့်မီ ကိရိယာများဖြည့်စည်းပေးရေး ဂျပန်ကို တောင်းခံလိုကြောင်း ပြောကြားခဲ့သည်။

ဂျပန်၊ ဒုတိယ၀န်ကြီးက ဂျပန်နိုင်ငံ၏ ကျွမ်းကျင်လုပ်သား လိုအပ်မှုကြီးထွားလာခြင်းနှင့် လေ့ကျင့်သင်ကြားထားသော ဘင်္ဂလားဒေ့ရှ် အလုပ်သမားများက နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးကို ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေး ဂျပန်နိုင်ငံမှ ဆက်လက် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး၊ ဂျပန်ကုန်သွယ်မှုမူဝါဒဗျူရိုမှ ညွှန်ကြားရေးမှူး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ ညွှန်ကြားရေးမှူးနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေး အတိုင်ပင်ခံတို့နှင့် ဘင်္ဂလားဒေ့ရှ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ရင်းမြစ်။        BSS News