ထရမ့်၏ အခွန်စည်းကြပ်မှုများနှင့် ရင်ဆိုင်နေရစဉ် စီးပွားရေးအားကောင်းစေမည့် အစီအစဉ်ကို တရုတ်အစိုးရ ရေးဆွဲ
တရုတ်အစိုးရသည် အမေရိကန်နှင့် စီးပွားရေးစစ်ပွဲ အရှိန်မြင့်နေစဉ် ဖြစ်လာနိုင်သော စွန့်စားရမှုများကို ကာမိစေရန်အတွက် ပြည်သူ့ဘဏ္ဍာ ပိုမိုသုံးစွဲခြင်းအပါအဝင် လုပ်ငန်းစီမံချက်များကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ လမ်းပြမြေပုံတွင် ပင်စင်လစာတိုးမြှင့်ခြင်း၊ ပိုမိုကောင်းမွန် သော ကျန်းမာရေးအကျိုးခံစားခွင့်များနှင့် လစာတိုးမြှင့်ခြင်းတို့ပါဝင်ပြီး ယခင်က ပြည်တွင်းသုံးစွဲမှု၌ နောက်ကျနေသော တရုတ်နိုင်ငံအား စီးပွားရေးမြှင့်တင်ရန်နှင့် နှစ်စဉ် ကုန်သွယ်မှုပိုငွေ ပြဿနာအပေါ် ချိန်ညှိရန် အစိုးရက အဖြေရှာနေစဉ် ယခုအစီအစဉ် ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။
အမေရိကန်က တရုတ်၏သွင်းကုန်များအပေါ် အကောက်ခွန် ၂၀ % စည်းကြပ်ရန် ချမှတ်ခဲ့သလို ဥရောပ၊ လက်တင်အမေရိက၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများကလည်း တရုတ်၏ ဈေးကြီးသော ကုန်စည်များကို အခွန်တိုးမြှင့်ကောက်ခံလျက်ရှိရာ တရုတ်နိုင်ငံသားများအား ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ စိတ်ချလုံခြုံကြောင်း၊ စတော့ရှယ်ယာနှင့် အိမ်ခြံမြေဈေးကွက် တည်ငြိမ်ကြောင်း၊ သိရှိစေရန် ရည်ရွယ်ပုံရပါသည်။
လွန်ခဲ့သည့်သုံးနှစ်က တရုတ် အိမ်ခြံမြေဈေးကွက် ပျက်စီးမှုကြောင့် လူလတ်တန်းစားများ၏ စုဆောင်းငွေများ ဆုံးရှုံးခဲ့ပြီး ဟိုတယ်၊ စားသောက်ဆိုင်နှင့် အခြားဝန်ဆောင်မှုများတွင် ငွေသုံးစွဲခြင်းထက် အတိုးနှုန်းအနည်းငယ်သာရရှိသော ဘဏ်စာရင်းများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း၊ တရုတ်၊ အမျိုးသားစာရင်းအင်းအဖွဲ့၏ သုံးသပ်ချက်အရ စားသုံးသူအသုံးစရိတ် လျော့ကျခြင်းနှင့် ပြည်ပပို့ကုန် ထုတ်လုပ်မှုအားကောင်းခြင်းက ပြည်တွင်း လက်လီဈေးကြီးမြင့်စေကြောင်း သိရှိရပါသည်။
ယခုနှစ် ပထမနှစ်လအတွင်း ဆောက်လုပ်ရေးကဏ္ဍသည် တရုတ်နိုင်ငံ၏ အကြီးမားဆုံး အားနည်းချက်အဖြစ် ဆက်လက်တည်ရှိကာ အိမ်ရာများနှင့် တိုက်ခန်းများဆောက်လုပ်မှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက၂၉.၆ % လျော့နည်းခဲ့ကြောင်း၊ သို့သော် ထရမ့်၏မူဝါဒများကြောင့် အမေရိကန်၏ စတော့ရှယ်ယာဈေးကွက် ၁၀ % ကျဆင်းခဲ့သော်လည်း တရုတ်နိုင်ငံ၏ စတော့ရှယ်ယာဈေးကွက်မှာ AI အစီအစဉ်များကြောင့် မြင့်တက်ခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီအများစု ရောင်းဝယ်ဖောက်ကားနေသည့် ဟောင်ကောင်စတော့ဈေးကွက်သည် ထရမ့် ရာထူးစတင်ချိန်မှစ၍ ၂၀ % ခန့်တက်လာကြောင်း၊ ရှန်ဟိုင်းနှင့်ရှန်ကျန်းတို့တွင် စတော့ရှယ်ယာ ဈေးအနည်းငယ်သာပြောင်းလဲခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရက ပြည်တွင်းသုံးစွဲမှုမြှင့်တင်ခြင်းကို အလေးအနက်ထားကြောင်း ယခုအစီအစဉ် ဖြင့် ပြသခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ပြည်တွင်းသုံးစွဲမှုမြှင့်တင်ခြင်းနည်းလမ်းများ အကောင်အထည်ဖော်ရာတွင် ဒေသန္တရအစိုးရများက ချို့တဲ့သူများအား ငွေပေးချေပေးခြင်းသို့မဟုတ် အထောက်အပံ့များ တိုးမြှင့်ထောက်ပံ့ခြင်း၊ အငြိမ်းစားများ၏ ပင်စင်ခံစားခွင့်များကို တိုးမြှင့်ပေးခြင်း၊ ဒေသန္တရအစိုးရများ၏ စီးပွားရေးလုပ်ငန်းများကို ပေးအပ်ရန် ကြွေးကျန်များအား ဆပ်ပေးခြင်းတို့ ပါဝင်ပါသည်။ သို့သော် ဒေသန္တရ အစိုးရများအား ဗဟိုအစိုးရမှ ငွေကြေးထပ်မံထောက်ပံ့မည့် ကတိများမပါဝင်ပါ။ ဒေသန္တရအစိုးရများသည် လူမှုအသုံးစရိတ်များအတွက် ပြည်သူပိုင်မြေများကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံ ရောင်းချခြင်းဖြင့် လွန်ခဲ့သော ၃ နှစ်ခန့်က ရန်ပုံငွေရှာခဲ့သော်လည်း အိမ်ယာဈေးကွက်ပျက်စီးမှုကြောင့် ထိုအရောင်းများ ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။
ရင်းမြစ် - The Economic Times