AI ကို အလွဲသုံးစားပြု၍ သတင်းမှားများဖြန့်ဝေခြင်းမှ တားဆီးရန် AI အမှတ်တံဆိပ်(label) ဆိုင်ရာ လမ်းညွှန်ချက်များကို တရုတ်အာဏာပိုင်များ ထုတ်ပြန်
AI ကို အလွဲသုံးစားပြု၍ သတင်းမှားများဖြန့်ဝေခြင်းမှ တားဆီးနိုင်ရန် AI အသုံးပြုထုတ်လုပ်ထားပြီး အွန်လိုင်းတွင် ဖြန့်ဝေသည့် အကြောင်းအရာများအား အမှတ်တံဆိပ် (label) ကပ်ရန် လမ်းညွှန်ချက်ကို တရုတ်အာဏာပိုင်များက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၊ ဆိုက်ဘာစီမံခန့်ခွဲရေးအဖွဲ့ (Cyberspace Administration)၊ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေးဝန်ကြီးဌာန၊ တရုတ်ရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့တို့ ပူးပေါင်းထုတ်ပြန်သည့် အဆိုပါစည်းမျဉ်းများသည် စက်တင်ဘာ ၁ ရက်မှစ၍ အသက်ဝင်မည်ဖြစ်ပါသည်။
လမ်းညွှန်ချက်အရ AI နည်းပညာ အသုံးပြုထုတ်လုပ်ထားသော စာသားများ၊ ရုပ်ပုံများ၊ အသံဖိုင်များ၊ သီချင်းများ၊ ဗီဒီယိုများနှင့် ပုံရိပ်တုမြင်ကွင်းများကို မြင်သာစွာဖြစ်စေ၊ မသိမသာဖြစ်စေ အမှတ်တံ ဆိပ်ကပ်ထားရမည်ဖြစ်ပါသည်။ deep fake ခေါ် Deep Synthesis Technologies အသုံးပြု၍ အတု ပုံစံပြုလုပ်ထားသော အကြောင်းအရာများ (fake content) သည် အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်နိုင်သောကြောင့် အဆိုပါ အကြောင်းအရာ သို့မဟုတ် user interface တွင် ရှင်းလင်းချက် label ကို တိကျစွာ ဖော်ပြရမည်ဖြစ်သည်။ ထို့ပြင် အကြောင်းအရာတွင် ပါဝင်မှုများ (content attributes)၊ အင်တာနက် ဝန်ဆောင်မှုပေးသူ (Service Provider) အမည် သို့မဟုတ် ကုဒ်နံပါတ်၊ အကြောင်းအရာ၏ ကိုယ်ပိုင်အမှတ် (content identification number) စသည့် အချက်အလက်များကို နောက်ကြောင်းပြန်လိုက်နိုင်သည့် metadata ဖိုင်များ၌ ထည့်သွင်းထားရန် လိုအပ်ပါသည်။
အင်တာနက်ဝန်ဆောင်မှုပေးသူများသည် အွန်လိုင်းတွင် လွှင့်တင်သည့် အကြောင်းအရာများ၏ metadata များကို စစ်ဆေးပြီး AI အသုံးပြုထားကြောင်းကို အများပြည်သူ ထင်ရှားစွာသိရှိရန် ဖော်ပြပေးရမည်ဖြစ်သည်။ AI နည်းပညာကို စီးပွားရေးအကျိုးအမြတ်နှင့်နာမည်ကျော်ကြားရန် အသုံးပြုကြသလို နာမည်ကြီးသူများ၏ ရုပ်နှင့်အသံတို့ တုပအသုံးပြုကာ deep fake များ ဆောင်ရွက်လာကြသဖြင့် အဆိုပါချိုးဖောက်မှုအပေါ် ဥပဒေကြောင်းအရ အရေးယူရန် လိုအပ်လျက်ရှိပါသည်။
AI နည်းပညာ အသုံးပြုထုတ်လုပ်ထားသော အကြောင်းအရာများအတွက် ဥပဒေများ၊ စည်းမျဉ်းများ ထုတ်ပြန်ပေးရန်ကို ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဒုတိယဥက္ကဌဖြစ်သူ ရှောင်မီကော်ပိုရေးရှင်း တည်ထောင်သူ Lei Jun နှင့် တရုတ်မင်းသား Jin Dong တို့က အဆိုပြုခဲ့ကြခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၊ ဆက်သွယ်ရေးတက္ကသိုလ်(Communication University) မှ ပါမောက္ခတစ်ဦးက တရုတ်နေ့စဉ်သတင်းစာ နှင့်တွေ့ဆုံရာတွင် label မပါရှိသော AI ဖြင့် ထုတ်လုပ်ထားသော အကြောင်းအရာများ အင်တာနက်တွင် ပြန့်နှံ့နေမှုသည် အင်တာနက်ဂေဟစနစ်နှင့် အုပ်ချုပ်မှုစနစ်တို့ကို စိန်ခေါ်မှုများဖြစ်စေကြောင်း၊ ၎င်းတို့အတွက် ဥပဒေများ ပြဌာန်းရန်နှင့် အဆိုပါဥပဒေများသည်အမြဲတမ်းခေတ်မီရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ရင်းမြစ်။ chinadaily.com