ကမ္ဘာ့ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃ ထရီလီယံဖြင့် ယခင်နှစ်ကထက် ၃.၇% တိုးတက်ခဲ့ကြောင်း UNCTAD ခန့်မှန်း
ကမ္ဘာ့ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃ ထရီလီယံဖြင့် စံချိန်တင် မြင့်တက်ခဲ့ပြီး ယခင်နှစ်ကထက် ၃.၇% တိုးလာခဲ့ကြောင်း၊ အဆိုပါ တိုးတက်မှုတွင် ဝန်ဆောင်မှုကဏ္ဍက အဓိကဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကထက် ၉ % များပြားခဲ့ကာ တန်ဖိုးကန်ဒေါ်လာ ၇၀၀ ဘီလီယံဖြင့် စုစုပေါင်းတိုးတက်မှု၏ ၆၀ % ခန့်ရှိကြောင်း၊ ကုန်စည်ကုန်သွယ်မှုသည် ၂ % သာတိုးတက်ခဲ့ပြီး ကန်ဒေါ်လာ ၅၀၀ ဘီလီယံရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အထိ အဆိုပါ အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ (UNCTAD) ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
UNCTAD ၏သုံးသပ်ချက်များအရ ကမ္ဘာ့ကုန်သွယ်မှုအရွေ့သည် ဆက်လက်ပြောင်းလဲနေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် တရုတ်နှင့်အိန္ဒိယတို့သည် ကုန်သွယ်ဘက် ဖွံ့ဖြိုးပြီးနိုင်ငံများထက် ပိုမိုသာလွန်ကြောင်း၊ ခေတ်မီသော နိုင်ငံအများအပြားသည် ငွေကြေးလဲလှယ်မှု အခက်အခဲများနှင့် ရင်ဆိုင်နေရစဉ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများက ပို့ကုန်တိုးမြင့်လာမှုနှင့် ပြည်တွင်းဝယ်လိုအားကြောင့် တိုးတက်မှုအရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့ကြောင်း မီးမောင်းထိုးပြခဲ့သည်။
၂၀၂၄ ခုနှစ်တွင် တရုတ်၏ကုန်သွယ်မှုပိုငွေသည် သိသိသာသာတိုးလာခဲ့သော်လည်း အမေရိကန်၏ ကုန်သွယ်မှုလိုငွေသည် ပိုမိုများပြားလာကာ သွင်းကုန်ကိုပိုမိုမှီခိုလာကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကုန်သွယ်မှု၊ အပြန်အလှန်ဖလှယ်မှုတို့သည် ကမ္ဘာ့ကုန်သွယ်မှုတိုးတက်ရေး အဓိက တွန်းအားတစ်ခုအဖြစ် ဆက်လက်ရှိနေခဲ့ကြောင်း ဖော်ပြထားပါသည်။
ဝန်ဆောင်မှုကုန်သွယ်ရေးတိုးတက်လာခြင်း
ဝန်ဆောင်မှုကုန်သွယ်ရေးသည် ၂၀၂၄ ခုနှစ်၊ စတုတ္ထသုံးလပတ်အထိ အရှိန်အဟုန်ဖြင့် တိုးတက်နေခဲ့ပြီး ကုန်စည်ကုန်သွယ်ရေးမှာ နှေးကွေးသွားခဲ့သည်။
အကောက်ခွန်နှင့်ကုန်သွယ်မှုအတားအဆီးများ
ကမ္ဘာ့ကုန်သွယ်မှုသည် ယေဘုယျအားဖြင့် တိုးတက်သော်လည်း ကုန်သွယ်မှုအတားအဆီးများရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ စျေးကွက်ဝင်ရောက်ရေးအတွက် အခွန်နှုန်းများမြင့်မားကာ အထူးသဖြင့် လယ်ယာနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက် ကုန်ကျစရိတ်တိုးစေပြီး တိုးတက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းချုပ်သလိုဖြစ်နေကြောင်း၊ ကုန်ကြမ်းများထက် ပြုပြင်ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများအပေါ် အခွန်ပိုကောက်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စက်မှုထွန်းကားရေးတွင် အဓိကအတားအဆီးဖြစ်နေကြောင်း သတိပေးထားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်ယာပို့ကုန်များသည် မြင့်မားသောသွင်းကုန်ခွန်နှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး ပျမ်းမျှအားဖြင့် MFN အခွန်နှုန်းကိုပင် ၂၀ % နီးပါးရှိကြောင်း၊ အလားတူ အထည်အလိပ်နှင့် အဝတ်အထည်ပို့ကုန်များကိုလည်း အမြင့်ဆုံး အကောက်ခွန်နှုန်းထား ကောက်ခံသဖြင့် ယှဉ်ပြိုင် နိုင်စွမ်းကို ကန့်သတ်ထားကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၏ မသေချာမရေရာမှုများ
ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ၊ ကုန်သွယ်ရေးအငြင်းပွားမှုများနှင့် အကာအကွယ်ပေးရေး မူဝါဒများ တိုးလာနေခြင်းက ၂၀၂၅ ခုနှစ်၏ ကမ္ဘာ့အရောင်းအဝယ်ကိစ္စများကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း၊ စိုးရိမ်ဖွယ်အချက်များအဖြစ် (က) ကုန်သွယ်မှုမူဝါဒအပြောင်းအလဲများအဖြစ် စက်မှုလုပ်ငန်းအချို့ကို ပစ်မှတ်ထားသော အကောက်ခွန်အသစ်များ ထွက်ပေါ်လာနိုင်ပြီး ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက်များကို ပြန်လည်ပုံဖော်လာနိုင်ခြင်း၊ (ခ) အမေရိကန်၊ တရုတ်အပါအဝင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအကြား လက်တုံ့ပြန်အကောက်ခွန်များ ဆက်လက် စည်းကြပ်ကာ ကမ္ဘာ့ကုန်သွယ်မှုကို ထိခိုက်စေခြင်း၊ (ဂ) အစိုးရများက အမျိုးသားစက်မှုကဏ္ဍများ သတ်မှတ်ပြီး နိုင်ငံတကာ ကုန်သွယ်မှုကိုအကျိုးသက်ရောက်စေမည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အရေးကြီးသော သတ္တုတွင်းထွက်များတွင် အထောက်အပံ့ပေးမှုများနှင့် စက်မှုမူဝါဒများ ချမှတ်ကျင့်သုံးလာနိုင်ခြင်း၊ (ဃ) ကွန်တိန်နာသင်္ဘောတင်လုပ်ငန်းများ ကျဆင်းနေမှုကြောင့် လာမည့်သုံးလပတ်များတွင် စီးပွားရေးနှေးကွေးမှု အန္တရာယ်များဖြစ်လာနိုင်ခြင်း တို့ပါဝင်ကြောင်း၊ သို့ရာတွင် တရုတ်၏ စီးပွားရေးတိုးတက်မှုအတွက် ထောက်ပံ့မှု (economic stimulus) နှင့်ကမ္ဘာ့ငွေကြေးဖောင်းပွမှု လျှော့ချရေး အစီအစဉ်တို့ကလည်း ကုန်သွယ်မှုတိုးတက်ရေး ပံ့ပိုးပေးနိုင်ကြောင်း ဖော်ပြထားပါသည်။
ကဏ္ဍအလိုက်ကုန်သွယ်မှုလမ်းကြောင်းများ
၂၀၂၄ ခုနှစ်တွင် ကုန်သွယ်မှုတိုးတက်မှုသည် ကဏ္ဍအလိုက် သိသိသာသာကွဲပြားခဲ့ကြောင်း၊ ရုံးသုံးစက်ကိရိယာများနှင့် ဆေးဝါးများသည် ပုံမှန် ထက်တိုးတက်ခဲ့ပြီး စွမ်းအင်ကဏ္ဍသည် သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ တတိယသုံးလပတ်တွင် လယ်ယာစားနပ်ရိက္ခာများ၊ ဆက်သွယ်ရေးစက်ကိရိယာများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ မြင့်တက်လာသော်လည်း အထည်ချုပ်လုပ်ငန်းများနှင့် တွင်းထွက်လုပ်ငန်းများ အားနည်းခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်မှုမညီမျှမှုများ
အစီရင်ခံစာအရ အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်မှုလိုငွေ အများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေကာ တရုတ်သည် ကုန်သွယ်မှုပိုငွေ အများဆုံးနိုင်ငံအဖြစ် စံချိန်တင်ထားကြောင်း၊ ပြီးခဲ့သည့်နှစ်များက ကုန်သွယ်မှုလိုငွေပြခဲ့သည့် အီးယူသည် စွမ်းအင်ကုန်သွယ်မှု အပြောင်းအလဲကြောင့် ၂၀၂၄ ခုနှစ်တွင် ကုန်သွယ်မှုပိုလျှံမှုသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်နှင့်တရုတ်တို့ကြား ကုန်သွယ်မှု၌ မညီမျှမှုသည် ပိုမိုသိသာလာပြီး ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုကို ဖြစ်ပေါ်စေကြောင်း၊ ၂၀၂၅ ခုနှစ်၏ ကမ္ဘာ့ကုန်သွယ်မှုသည် အကာအကွယ်ပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကြား ဟန်ချက်ညီစေရန် မူဝါဒချမှတ်သူများအတွက် စိန်ခေါ်မှုများဖြစ်စေနိုင်ကြောင်း၊ အရှိန်အဟုန်ကိုထိန်းထားရန်နှင့် ပေါ်ပေါက်လာသော စွန့်စားရမှုများကို ထိန်းကြောင်းနိုင်ရန် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ခြင်းနှင့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးမူဝါဒများက အရေးကြီးကြောင်း UNCTAD ၏ အစီရင်ခံစာအလေးပေး ဖော်ပြထားပါသည်။
ရင်းမြစ် - https://www.arabnews.com/node/2593774/business-economy