ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ဇန်နဝါရီလတွင် ကျဆင်းခဲ့
ကမ္ဘာ့စားနပ်ရိက္ခာစံပြုကုန်ဈေးနှုန်းများ (benchmark prices) သည် ဇန်နဝါရီလတွင် ယခင်လထက် ၁.၆ % နှင့် လစဉ်နိုင်ငံတကာစားသောက်ကုန် စျေးနှုန်း ညွှန်းကိန်းနေရာ၌ ၁၂၄.၉ သို့ ကျဆင်းခဲ့ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီများနှင့် သကြားတို့၌ နိုင်ငံတကာရည်ညွှန်းဈေးနှုန်းများ သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ အဆိုပါ ညွှန်းကိန်းသည် ပြီးခဲ့သည့်နှစ် ကာလတူအဆင့်ထက် ၆.၂ % တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လက အမြင့်ဆုံးတက်ခဲ့သည့်နေရာထက် ၂၂ % ကျခဲ့ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ဖေဖော်ဝါရီလ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
သကြားဈေးနှုန်းညွှန်းကိန်းသည် ဒီဇင်ဘာလကထက် ၆.၈ % ကျဆင်းခဲ့ပြီး ပြီးခဲ့သည့်နှစ် အစောပိုင်း အဆင့်ထက် ၁၈.၅ % ကျဆင်းခဲ့ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းညွှန်းကိန်းသည် ဒီဇင်ဘာလကထက် ၅.၆ % ကျဆင်းခဲ့သော်လည်း ယခင်နှစ်ထက် ၂၅ % မြင့်တက်ခဲ့ကြောင်း၊ အဓိကအားဖြင့် ကန်နိုလာဆီ (rapeseed) နှင့် နေကြာဆီစျေးများ တည်ငြိမ်နေချိန်တွင် စားအုန်းဆီနှင့် ပဲပိစပ်ဆီဈေးများ ကျဆင်းမှုကြောင့်ဖြစ်ကြောင်း အဆိုပါသတင်းက ဖော်ပြထားသည်။
ကောက်ပဲသီးနှံစျေးနှုန်းညွှန်းကိန်းသည် ဒီဇင်ဘာလတွင် ၀.၃ % တက်လာသော်လည်း ပြီးခဲ့သည့် နှစ်ကထက် ၆.၉% ကျဆင်းခဲ့ကြောင်း၊ အမေရိကန်တွင် ထုတ်လုပ်မှုနည်းပါးခြင်းနှင့် အရန်ဆန် သိုလှောင်မှု ခန့်မှန်းချက်များကြောင့် ဂျုံပို့ကုန်ဈေးနှုန်းအနည်းငယ်သာ ကျဆင်းခဲ့ပြီး ပြောင်းဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ ရုရှား၏ ရောင်းလိုအား တင်းကြပ်မှု၊ ဥရောပဒေသအချို့၊ ရုရှားနှင့် အမေရိကန်တို့၏ ရောနှောဆောင်းသီးနှံအခြေအနေများကြောင့် ဂျုံတင်ပို့မှု နှေးကွေးနေသော်လည်း ဂျုံစျေးနှုန်း တက်လာနိုင်ကြောင်း၊ ကမ္ဘာ့ပြောင်းဈေးသည် ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်နှစ် ဈေးနှုန်းထက် မြင့်မားခဲ့ကြောင်း၊ ရာသီပြောင်းရောင်းလိုအား တင်းကြပ်ခြင်း၊ အာဂျင်တီးနား၏ ပြောင်းထုတ်လုပ်မှု မကောင်းခြင်း၊ ဘရာဇီးပြောင်း (safrinha) စိုက်ပျိုးမှုတွင် တိုးတက်မှုနှေးကွေးနေခြင်းနှင့် အမေရိကန်ပြောင်းထုတ်လုပ်မှုနှင့် အရန်သိုလှောင်မှု နည်းပါးခြင်းများကြောင့် ပြောင်းဈေးတက်လာနိုင်ကြောင်း၊ ဇန်နဝါရီလတွင် ပို့ကုန်လုံလောက်မှုကြောင့် ဆန်ဈေးနှုန်းညွှန်းကိန်းအားလုံးသည် ၄.၇ % ကျဆင်းခဲ့ကြောင်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကို ကိုးကားလျက် ကမ္ဘာ့ကောက်ပဲသီးနှံဆိုင်ရာ ဝက်ဘ်ဆိုဒ် www.world-grain.com တွင် ဖော်ပြထားပါသည်။
Source - https://www.world-grain.com/articles/21018-global-food-prices-fall-in-january