ပေကျင်းသည် ယွမ်ငွေကို ကမ္ဘာ့ငွေကြေးအဆင့်ဖြစ်ရန် ရည်မှန်းထားသောကြောင့် ၂၀၂၄ ခုနှစ်၊ ပထမ(၈)လအတွင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် ၂၁.၁ % တိုးမြင့်သုံးစွဲခဲ့

၂၀၂၄ ခုနှစ်၊ ပထမ(၈)လအတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် ငွေပေး/ငွေယူ ကိစ္စများ၌  ယွမ်ငွေသုံးစွဲမှုသည် ပြီးခဲ့သည့်နှစ်ကထက် ၂၁.၁ % တိုးလာသောကြောင့် သိသိသာသာ တိုးတက်ခဲ့သည်ဟု ဆိုနိုင်ကြောင်း တရုတ်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါသည်။ 

အဆိုပါတိုးတက်မှုသည် ကမ္ဘာ့ကူးသန်းရောင်းဝယ်မှုတွင် ယွမ်ငွေအသုံးပြုမှုမြှင့်တင်ရန် လုပ်ဆောင်နေသော ပေကျင်း၏မဟာဗျူဟာကို ထင်ဟပ်လျက်ရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် ယွမ်ငွေဖြင့် အရောင်းအဝယ်ပြုလုပ်မှုများသည် ၄၁.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၉ ထရီလီယံ)ထိ ရောက်ရှိခဲ့ကြောင်း၊ ကုန်စည်ကုန်သွယ်မှုနှင့်ပတ်သက်သည့် ငွေပေး/ငွေယူကိစ္စများတွင် နိုင်ငံခြားငွေကြေးများအပါအဝင် ယွမ်ငွေတရားဝင်အသုံးပြုမှုသည် ၂၆.၅ % ထိ တိုးတက်လာသဖြင့် နိုင်ငံတကာကုန်သွယ်ဖက်များကြားတွင် ယွမ်ငွေလက်ခံအသုံးပြုမှု တိုးတက်လာခြင်းဖြစ်ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြထားပါသည်။ 

ကမ္ဘာ့ဘဏ်များအကြား ငွေကြေးဆက်သွယ်မှုအဖွဲ့ (Society for Worldwide Interbank Financial Telecommunication - Swift) ၏ အချက်အလက်များအရ ကမ္ဘာ့ကူးသန်းရောင်းဝယ်မှုများ၌ ယွမ်ငွေပါဝင်မှုသည် ဇူလိုင်လတွင် ၄.၇၄ % ရှိရာမှ ဩဂုတ်လတွင် ၄.၆၉ % သို့ အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း၊ သို့သော် ယွမ်ငွေပါဝင်မှု % သည် ၄ အထက်ကို (၁၀) လ ဆက်တိုက်ထိန်းထားနိုင်ခဲ့သဖြင့် ငွေပေးချေမှုတွင် ကမ္ဘာ့စတုတ္ထ အသုံးအများဆုံးငွေကြေးဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတကာကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာကို ပိုမိုအသုံးပြုလိုမှုက မပြောင်းလဲသော်လည်း ယွမ်ငွေကို ပိုမိုအသုံးပြုစေရန် တရုတ်မှမဟာဗျူဟာ ချမှတ်ဆောင်ရွက်နေခြင်းသည် နိုင်ငံရေးအရ လွှမ်းမိုးလိုခြင်းဖြစ်ကြောင်း၊ တရုတ်သည် နိုင်ငံတ ကာငွေကြေးစနစ်များကို ပြန်လည်ပုံဖော်ရန်နှင့် အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်စီးပွားဆက်ဆံသည့်နိုင်ငံများ ပိုမိုများပြားလာသည်နှင့်အမျှ ယွမ်ငွေသုံးစွဲမှုတိုးလာကာ ခိုင်မာသော အခန်းကဏ္ဍမှ ရပ်တည်ပြီး နိုင်ငံတကာကုန်သွယ်မှုနှင့် ကမ္ဘာ့ငွေကြေးအပေါ် အမြင်များ၌ သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း WION သတင်းဌာနက ဖော်ပြထားပါသည်။ 

ထို့ကြောင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် ယွမ်ငွေအသုံးပြုမှုတိုးတက်လာခြင်းသည် ကိန်းဂဏန်းများ တိုးလာရုံသာမက ကမ္ဘာ့စီးပွားရေးဆက်နွယ်မှုကို ပြန်လည်ပုံဖော်လိုသည့် တရုတ်၏မဟာဗျူဟာမြောက် ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း၊ ယင်းဆောင်ရွက်ချက်များ ပြောင်းလဲလာသည်နှင့်အမျှ ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးနှင့် ငွေကြေးကဏ္ဍများတွင် ရေရှည်အကျိုးသက်ရောက်မှုများ ရှိနေမည်ဖြစ်ကြောင်း WION သတင်းဌာနက ဖော်ပြထားသည်ကို တင်ပြလိုက်ရပါသည်။

ရင်းမြစ်။        WION သတင်းဌာန