အမေရိကန်၏ အခွန်တိုးမြင့်မှုထက် ပို၍စိတ်ပူစရာများနှင့် ကြုံတွေ့နေရသည့် တရုတ်နိုင်ငံ၏ စတီးကဏ္ဍ

ပို့ကုန်တိုးတက်နေသော်လည်း ပြည်တွင်းဝယ်လိုအား ကျဆင်းနေကာ ပိုမိုပြင်းထန်သော ထိုးနှက်ချက်များနှင့် တွေ့ကြုံလာနိုင်သည့် တရုတ်နိုင်ငံ၏ စတီးကဏ္ဍအတွက် အမေရိကန်သမ္မတ၏ တရုတ်စတီး သွင်းကုန်အပေါ် အကောက်ခွန် ၃ ဆ တိုးမြင့် ကောက်ခံရန် တွန်းအားပေးမှုများက နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်လာပါသည်။

တရုတ်နိုင်ငံတွင် အိမ်ခြံမြေကဏ္ဍအကြပ်အတည်းကြောင့် စတီးအသုံးပြုမှုနည်းသွားပြီး ကြွေးမြီများကြောင့် စီမံကိန်းများ ရပ်နား ထားရသည့် ပြည်နယ် ၁၂ ခုတွင်လည်း အခြေခံအဆောက်အဦအတွက် ဝယ်လိုအားကျဆင်းခဲ့ပါသည်။ အစိုးရ၏ ကျောထောက် နောက်ခံရှိသည့် သတ္တုဗေဒလုပ်ငန်း စီမံကိန်းနှင့်သုတေသနသိပ္ပံက ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စတီးလိုအပ်ချက်သည် ၁.၇ % ကျဆင်းမည် ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ၏ စတီးတင်ပို့မှုသည် ၂၀၁၆ ခုနှစ်ကစ၍ တင်ပို့မှုများထက် သုံးပုံတစ်ပုံ တိုးတက်ခဲ့ပြီး စုစုပေါင်း စတီးထုတ်လုပ်မှု၏ ၉ % မှာ အမေရိကန်သို့ တင်ပို့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပမာဏမှာ တရုတ်မှ အမေရိကန်သို့ ပြီးခဲ့သည့်နှစ် များက စတီးတင်ပို့မှုများထက် ၈.၂ % ကျဆင်းခဲ့ပြီး တရုတ်၏ စုစုပေါင်းစတီးတင်ပို့မှု၏ ၁% ခန့်သာရှိကြောင်း၊ ကမ္ဘာ့စတီး အများဆုံးထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သည့် တရုတ်သည် အမေရိကန်၏ သတ္တမမြောက် အများဆုံး စတီးတင်ပို့သူအဆင့် သာရှိသဖြင့် အမေရိကန်သမ္မတ၏ စတီးသွင်းကုန်အပေါ် ၂၅% အကောက်ခွန်တိုးမြင့်ရန် အဆိုပြုမှုသည် ပျော့ပြောင်းသောတိုက်ကွက် တစ်ခုသာဖြစ်ကြောင်း၊ တရုတ်၏ အဓိကစတီးတင်ပို့သော ဈေးကွက်များမှာ ဂျပန်၊ တောင်ကိုရီးယား၊အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်၍ အမေရိကန်ကြောင့် သိသာသောအကျိုးသက်ရောက်မှုရှိမည်မဟုတ်ကြောင်း အမည်မဖော်လိုသူ တရုတ်စတီးကုန်သည် တစ်ယောက်က ပြောကြားခဲ့သည်။

ပြည်တွင်းစတီးဈေး ကျဆင်းနေမှုကြောင့် တရုတ်စတီးထုတ်လုပ်သူများသည် ပြီးခဲ့သည့်နှစ်ကထက် (သို့မဟုတ်) ပြီးခဲ့သည့်နှစ် နီးပါး တင်ပို့နိုင်အောင်ကြိုးပမ်းနေကြကြောင်း၊ ဈေးနှုန်းချိုသာသော တရုတ် စတီးအပေါ် အမေရိကန်အပြင် အခြားဝယ်လက် များကလည်း မကျေနပ်မှုများရှိကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း တရုတ်စတီးသွင်းကုန်အချို့အပေါ် အိန္ဒိယက“ စုပုံတင်သွင်းမှု အတွက် တန်ပြန်အကောက်ခွန် ” ကောက်ခံခဲ့သလို မက္ကဆီကိုကလည်း အကောက်ခွန်နှုန်း ၈၀ % ကောက်ခံခဲ့ကြောင်း၊ ထိုင်း နိုင်ငံကလည်း စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး ဘရာဇီးစတီးထုတ်လုပ်သူများကလည်း စတီးသွင်းကုန်များအား အကောက်ခွန်နှုန်း ၂၅% ကောက်ခံရန် အစိုးရကိုတောင်းဆိုထားကြောင်း သိရှိရပါသည်။

ပြည်တွင်းဝယ်လိုအားကျဆင်းမှုများ

စတီးကဏ္ဍပြန်လည်ဦးမော့လာစေရေး တရုတ်အစိုးရက စက်မှုလုပ်ငန်းနှင့်လယ်ယာကဏ္ဍများတွင် စက်ကိရိယာများ ပြန်လည် အဆင့်မြှင့်ခြင်း၊ စားသုံးသူများ၏ မော်တော်ကားများနှင့် အိမ်သုံးပစ္စည်းများအား လဲလှယ်အသုံးပြုစေခြင်းစသည့် အစီအမံများ ထားရှိသော်လည်း အိမ်ခြံမြေကဏ္ဍကြောင့် ကျဆင်းနေသော စတီးအသုံးပြုမှုကို အပြည့်အဝ ကုစားနိုင်မည်မဟုတ်ပါ။

သို့သော် အဆိုပါမူဝါဒကြောင့် လာမည့်လေးနှစ်အတွင်း စတီးဝယ်လိုအားသည် တန် ၈ သန်းမှ ၉ သန်းထိ တိုးတက်နိုင်ကြောင်း ခန့်မှန်းမှုများရှိသလို အချို့ကလည်း ယခုနှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများမှ ဝယ်လိုအားသည် တန် သန်း ၂၀ (သို့မဟုတ်) ၄% ကျဆင်းမည်ဖြစ်ကြောင်း၊ အချို့လေ့လာသုံးသပ်သူများက ယခုနှစ်အတွင်း အခြေခံအဆောက်အဦတွင် စတီး အသုံးပြုမှုများသည် ၁ % မှ ၂ % ထိ တိုးတက်လာနိုင်ကြောင်း စသည်ဖြင့် ခန့်မှန်းထားကြပါသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်အစိုးရက စတီးရောင်းလိုအားနှင့် ကာဗွန်ထုတ်လွတ်မှုလျှော့ချနိုင်ရန် စတီးထုတ်လုပ်မှုကို ကန့်သတ်ခဲ့ပြီး လေ့လာစောင့်ကြည့်သူများက အစိုးရအနေဖြင့် ထုတ်လုပ်မှုလျှော့ချခြင်းကို ထပ်မံဆောင်ရွက်သင့်ကြောင်းသုံးသပ် ထားကြပါသည်။

ပို့ကုန်တိုးမြှင့်ရေး

မတ်လအတွင်း တရုတ်စတီးပို့ကုန်သည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှစ၍ အမြင့်ဆုံးတင်ပို့မှုအဖြစ် တန် သန်း ၉.၈၉ ရောက်ရှိခဲ့ပြီး ပထမ ၃ လပတ်အတွက် တင်ပို့မှုတန် သန်းပေါင်း ၂၅.၈၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀.၃ ဘီလီယံရရှိခဲ့သဖြင့် စတီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၈၉ ဈေးပေါက်ခဲ့သောကြောင့် ပြည်တွင်းပေါက်ဈေး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၂.၃၀ ထက် ပိုမိုများပြားကြောင်း အကောက်ခွန်နှင့် အကြံပေးလုပ်ငန်းများ၏ အချက်အလက်များအရ သိရှိရပါသည်။

အမေရိကန်ဒေါ်လာ နှိုင်းယှဉ်လျှင် ယွမ်ဈေးနှုန်း အားနည်းခြင်းက စတီးပို့ကုန်များ တိုးတက်စေမည်ဟု မျှော်လင့်ရကြောင်း၊ သို့သော် ကုန်သွယ်မှု ပွတ်တိုက်ခြင်းသာမက ပြည်ပရောင်းလိုအား မြင့်တက်နေခြင်းနှင့် တရုတ်အစိုးရကလည်း ထုတ်လုပ်မှု ကန့်သတ်နေခြင်းတို့ကြောင့် စတီးပို့ကုန်သည် မသေချာမှုများရှိကြောင်း၊ ကမ္ဘာ့စတီးအသင်းအဆိုအရ ယခုနှစ်အတွင်း ကမ္ဘာ့ စတီးဝယ်လိုအားသည် ၁.၇ % တိုးတက်ပြီး တန်ဘီလီယံ ၁.၇၉၃ ထိ တိုးမြင့်လာနိုင်ကြောင်းဆိုသည်။

ပေကျင်းအခြေစိုက် သုတေသနလုပ်ငန်းတစ်ခုဖြစ်သည့် CRU Group က နိုင်ငံအချို့သည် ပြည်တွင်းလိုအပ်ချက်အတွက် ကိုယ်တိုင် ထုတ်လုပ်နေကြသော်လည်း ဝယ်လိုအားကိုလျင်မြန်စွာဖြည့်စွမ်းပေးနိုင်မည် မဟုတ်သောကြောင့် တရုတ်စတီးအနေ ဖြင့်ရောင်းချနိုင်မည့် အခွင့်အလမ်းရှိသေးကြောင်း ပြောကြားထားပါသည်။

Source:         The Asahi Shimbum

WTOဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန