ကော်ဖီ၊ ဆန်နှင့် သစ်သီးဝလံများ တိုးမြှင့်တင်ပို့ခဲ့မှုကြောင့် ဗီယက်နမ်နိုင်ငံ၏ လယ်ယာကုန်သွယ်မှု ပိုငွေသည် ပထမ (၃)လပတ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာခဲ့
ကော်ဖီ၊ ဆန်နှင့် သစ်သီးဝလံများကဲ့သို့ အဓိကထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ခြင်းကြောင့် ဗီယက်နမ်၏ လယ်ယာစိုက်ပျိုးရေး၊ သစ်တောထွက်နှင့် ရေထွက်လုပ်ငန်းကဏ္ဍများတွင် ယမန်နှစ်အလားတူ ကာလထက် နှစ်ဆနီးပါးကုန်သွယ်မှုပိုငွေ ရရှိခဲ့ပါသည်။
စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန်တင်ပို့မှု စုစုပေါင်းမှာ ဒေါ်လာ ၁၃.၅၃ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလထက် ၂၁.၈ % တိုးမြင့်လာကာ တင်သွင်းမှုတွင် ဒေါ်လာ ၁၀.၁၈ ဘီလီယံရှိသဖြင့် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၃.၃၆ ဘီလီယံရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန နောက်ဆုံးစာရင်းကိန်းဂဏန်းများ ဖော်ပြချက်များအရ သိရှိရပါသည်။
ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ ဘီလီယံကျော်သည့် အဓိကပို့ကုန်လေးခုမှာ သစ်(ဒေါ်လာ ၂.၃၂ ဘီလီယံ)၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် (ဒေါ်လာ ၁.၂၃ ဘီလီယံ)၊ ဆန်(ဒေါ်လာ ၁.၃၇ ဘီလီယံ)နှင့် ကော်ဖီ (ဒေါ်လာ ၁.၉ ဘီလီယံ) တို့ဖြစ်ပါသည်။ အဓိက လယ်ယာ ထွက်ကုန်များ၏ ပျမ်းမျှပို့ကုန်ဈေးနှုန်းများတက်လာပြီး ဆန်တစ်တန်လျှင် ၆၆၁ ဒေါ်လာ (၅ %) ၊ ကော်ဖီတစ်တန်လျှင် ၂၃၇၃ ဒေါ်လာ(၆.၈%)၊ ရော်ဘာတစ်တန်လျှင် ဒေါ်လာ ၁၄၆၂(၅.၁%) နှင့် ငရုတ်ကောင်းတစ်တန်လျှင် ဒေါ်လာ ၄.၁၅၃(၃၅.၆ %)ဖြစ်ခဲ့ပါသည်။
သို့သော် ကုန်စည်အချို့မှာ ပို့ကုန်ဈေးနှုန်းကျဆင်းခဲ့ပြီး သီဟိုဠ်စေ့တစ်တန်လျှင် ဒေါ်လာ ၅၃၂၉ (၈.၆ %)၊ လက်ဖက်ခြောက် တစ်တန်လျှင် ၁၆၁၆ ဒေါ်လာ( ၂.၂ % ) နှင့် ဓာတ်မြေသြဇာတစ်တန်လျှင် ဒေါ်လာ ၄၁၂ (၉.၁ % ) ရှိခဲ့ပါသည်။
ဗီယက်နမ်ပို့ကုန်တန်ဖိုး စုစုပေါင်း၏ ၂၀.၂ % တင်ပို့ရသည့် တရုတ်နိုင်ငံသည် အဓိကပို့ကုန်ဈေးကွက် ဖြစ်ပြီး တင်ပို့မှုသည် ၁၈.၃ % ထပ်မံတိုးမြင့်လာနိုင်ကြောင်း၊ ၎င်းနောက်တွင် ၁၉.၉ % တင်ပို့ရသည့် အမေရိကန်က ဒုတိယနှင့်တင်ပို့မှုသည် ၂၈.၃ % ထပ်မံတိုးတက်နိုင်ကြောင်း၊ ဂျပန်နိုင်ငံသည် နိုင်ငံ့ပို့ကုန်တန်ဖိုး၏ ၇ % တင်ပို့ရပြီး၊ တင်ပို့မှု ၄.၆ % ထပ်မံတိုးတက်နိုင်ကြောင်း တွေ့ရပါသည်။
ကော်ဖီတင်ပို့မှု တရှိန်ထိုး တိုးတက်လာခြင်း
ကော်ဖီသည် ယခုနှစ်ပထမသုံးလပတ်တွင် တိုးတက်မှုအားအကောင်းဆုံးသော ထုတ်ကုန်ဖြစ်ပါသည်။ ပထမသုံးလပတ်တွင် ကော်ဖီ တန်ချိန် ၇၉၉,၀၀၀၊ တန်ဖိုးဒေါ်လာ ၁.၉ ဘီလီယံထိ တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူထက်ပမာဏတွင် ၄၄.၄၅ % နှင့်တန်ဖိုးတွင် ၅၄.၂ % မြင့်တက်လာကာ စံချိန်သစ်တင်ခဲ့ပါသည်။ ဗီယက်နမ်သည် ရိုဘက်စတာနှင့်အာရေဗီးကားကော်ဖီတင်ပို့မှုကို တိုးမြှင့်ခဲ့ပြီး အိပ်စ်ဆယ်ဆာကော်ဖီတင်ပို့မှုကို လျှော့ချခဲ့သည်။ ဗီယက်နမ်ကော်ဖီကို အီတလီ၊ စပိန်၊ ရုရှား၊ အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယံ၊ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံအပါအဝင် စျေးကွက်အများအပြားသို့ တင်ပို့လျက်ရှိပါသည်။
ကော်ဖီသည် သစ်အချောထည်ပြီးလျှင် ဒုတိယမြောက် အများဆုံးတင်ပို့ရသည့် လယ်ယာထွက်ကုန်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီတင်ပို့မှုသည် ဒေါ်လာ ၅ ဘီလီယံမှ ၅.၅ ဘီလီယံအထိ စံချိန်သစ်တင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ဗီယက်နမ် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရပါသည်။
ဆန်တင်ပို့မှုသည်လည်း စိတ်ဝင်စားဖွယ် တိုးတက်လာခဲ့
ပြီးခဲ့သည့်နှစ်ကထက် ၁၂ % တိုးတက်တင်ပို့ခဲ့သည့် ဆန်ပို့ကုန်ပမာဏ တန် ၂.၀၇ သန်း နှင့် ၄၀ % တိုးမြင့်ပြီး ပို့ကုန်တန်ဖိုး ဒေါ်လာ ၁.၃၇ ဘီလီယံ ရရှိခဲ့သည့် ဗီယက်နမ်သည် ကမ္ဘာ့ဆန်အများဆုံး တင်ပို့သည့်နိုင်ငံ ၃ နိုင်ငံတွင် ပါဝင်ကာ အိန္ဒိယနှင့်ထိုင်းတို့ပြီးလျှင် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၁၅ % ထိ တင်ပို့သောနိုင်ငံဖြစ်ပါသည်။
ဆန်တင်ပို့မှုပိတ်ပင်ထားသော နိုင်ငံအချို့၊ ရုရှားနိုင်ငံ၏ ပင်လယ်နက်ဆန်စပါးကောက်ပဲသီးနှံ အစီအစဉ်မှနုတ်ထွက်ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှု အခြေအနေများကြောင့် အထွက်နှုန်းကျဆင်းခဲ့မှုများသည် ကမ္ဘာ့ဆန်တင်ပို့မှုဈေးကွက်ကို သိသိသာသာ ထိခိုက်စေခဲ့သည်။
အိန္ဒိယ၏ ဆန်တင်ပို့မှုတားမြစ်ခြင်းနှင့်အတူ တရုတ်၊ အင်ဒိုနီးရှားတို့မှ ဝယ်လိုအားတိုးလာခြင်းသည် ဗီယက်နမ်ဆန်တင်ပို့မှုအတွက် အခွင့်အလမ်းများဖန်တီးပေးနေကြောင်း ဝန်ကြီးဌာနက ထောက်ပြခဲ့သည်။ ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန် အများဆုံးတင်ပို့သည့် ဈေးကွက်ဖြစ်ပြီး ဆန်တင်ပို့မှုစုစုပေါင်း ၏ ၈၅ % တင်ပို့လျက်ရှိကာ ၎င်းနောက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ အများဆုံးတင်ပို့ပါသည်။
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ပထမသုံးလပတ်တွင် ၂၅.၈ % အထိ မြင့်တက်ပြီး ဒေါ်လာ ၁.၂၃ ဘီလီယံရရှိခဲ့ပါသည်။ ယခုနှစ် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ဒေါ်လာ ၆ ဘီလီယံ မှ ၆.၅ ဘီလီယံအထိ စံချိန်သစ် တင်ပို့နိုင်မည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပါသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်များအတွက် ကြီးမားသော ဈေးကွက်တစ်ခုဖြစ်ပြီး ဆေးဖက်ဝင်အပင်များ၊ အုန်းသီး၊ အေးခဲထားသော သစ်သီးများနှင့် ဖရဲသီးများတို့ကို တရုတ်နိုင်ငံသို့တရားဝင် တင်ပို့သွားမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံအတွက် လယ်ယာပို့ကုန်မြှင့်တင်ရန် ကြီးမားသောအခွင့်အလမ်းများ ကျန်ရှိနေသေးပြီး လက်ရှိတွင်ကမ္ဘာ့ပို့ကုန်တင်ပို့မှု တန်ဖိုး၏ ၂ % မှ ၃ % သာရှိကြောင်း ဗီယက်နမ်နိုင်ငံဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။
Source: https://vietnamnews.vn/