ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၌ ကျင်းပသည့် နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက် အကူပြုစင်တာ(TISC) ဖွင့်ပွဲအခမ်းအနားသို့ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်
နေပြည်တော်၊ ဇူလိုင်လ ၁၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်း၍ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ Technology and Innovation Support Center (TISC) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တောင်ငူမြို့၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီး ဌာန၊ ညွှန်ကြားရေးမျူးချုပ် တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က တက္ကသိုလ်များတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ(TISC)များ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ နည်းပညာနှင့်သတင်းအချက်အလက်များကို တီထွင်ဖန်တီးမှုများတွင် အသုံးချနိုင်ခြင်း၊ တီထွင်ဖန်တီးမှုများကို မြှင့်တင်ပေးနိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများကို လှုံ့ဆော်ပေးခြင်းနှင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် အထောက်အပံ့ဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများ၊ တက္ကသိုလ်ရှိ တီထွင်မှုများနှင့် ဒေသခံ MSME လုပ်ငန်းများအကြား ချိတ်ဆက်မှုတိုးမြှင့်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး TISC တည်ထောင်နိုင်ရန် နားလည်မှု စာချွန်လွှာများကို ဦးစီးဌာန ၅ ခု၊ တက္ကသိုလ် ၃၀ ခုဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး TISC စင်တာများမှ Focal Person များတောင်းခံ၍ TISC စင်တာများနှင့်စပ်လျဉ်းသည့် အခြေခံဗဟုသုတများ၊ ကျွမ်းကျင်မှုများ ရရှိစေရန် သင်တန်းများပို့ချခြင်း၊ WIPO DL Courses များ ဖြေဆိုစေခြင်း၊ TISC စင်တာများကို ပြည်သူများသိရှိအောင် ဆောင်ရွက်ပေးခြင်း၊ သုတေသနပြုလုပ်သူများ၊ တီထွင်ဖန်တီးသူများ၊ စက်ရုံများ၊ MSMEs လုပ်ငန်းများနှင့် တက္ကသိုလ်/ သုတေသနဌာနများအကြား ချိတ်ဆက်မှု တိုးမြှင့်နိုင်ရေး ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်က လက်ရှိတွင် တက္ကသိုလ်မှ ဒေသခံ MSME လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Software Program များ စမ်းသပ်ဆောင်ရွက်ပေးလျက်ရှိပြီး TISC စင်တာဖွင့်လှစ်ပြီးပါက ယခုထက်ပိုမို၍ စနစ်တကျ ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာ မများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်း ရရှိသည်။
